လောင်းလုံးမြို့နယ်တွင် စရဖ ဗိုလ်ကြီးနှင့် တပ်သားများ စီးလာသည့်ယာဉ် ပစ်ခတ်ခံရ

လောင်းလုံးမြို့နယ်တွင် စရဖ ဗိုလ်ကြီးနှင့် တပ်သားများ စီးလာသည့်ယာဉ် ပစ်ခတ်ခံရ
စက်တင်ဘာ 19, 2023 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်သား(၄)ဦး စီးနင်းလာသည့် ယာဉ်တစ်စီးကို ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၉)ရက်နေ့ နံနက်ပိုင်းတွင် ဒေသကာကွယ်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာနှင့် သဗျာကျေးရွာကြားရှိ လမ်းပိုင်းတစ်နေရာတွင် ထားဝယ်ဘက်မှလာသည့် လောင်းလုံးမြို့ စရဖမှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်သား(၄)ဦး စီးနင်းလာသည့်ယာဉ်ကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Dwaei Defence Team_DDTထံမှ သိရသည်။

ပစ်ခတ်မှုကြောင့် အဆိုပါယာဉ်မှာ မောင်းပြေးသွားပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုမူ မသိရသေးဟု ဆိုသည်။

တိုက်ခိုက်မှုကို Dwaei Defence Team_DDTတပ်ခွဲ(၃)(ထားဝယ် ပကဖ)၊ Guerrilla Dawei ထားဝယ် မြို့ပြပြောက်ကျားတပ်ဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency