စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲမှုကြောင့် ကျောင်းဆရာအပါအဝင် ကျောင်းသား၊ ကျောင်းသူ ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ

စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲမှုကြောင့် ကျောင်းဆရာအပါအဝင် ကျောင်းသား၊ ကျောင်းသူ ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ
စက်တင်ဘာ 10, 2023 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ် လူသောမြို့နယ်နှင့် ဒွယ်လိုးမြို့နယ်တို့တွင် စစ်ကောင်စီတပ်က ၂၀၂၃ခုနှစ် စက်တင်ဘာလ (၇)ရက်နေ့နှင့် (၈)ရက်နေ့ တို့တွင် ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှု (၈)ကြိမ်ပြုလုပ်ခဲ့ရာ ကျောင်းဆရာနှင့် ကျောင်းသား၊ ကျောင်းသူ (၄)ဦး သေဆုံးခဲ့ရပြီး ဆရာမတစ်ဦး အပါအဝင် ကျောင်းသား၊ ကျောင်းသူ(၇)ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့ စက်တင်ဘာလ (၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ (၇)ရက်နေ့တွင် စစ်ကောင်စီတပ်က လူသောမြို့နယ် သေသူးခီးနှင့် ကော်ရော်ဘောထာကျေးရွာများအတွင်းသို့ လေကြောင်းမှ ပစ်ခတ်ခဲ့သည့်အပြင် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် သေသူးခီးရွာ ဒေသခံ စောရှီးမူး(၄၅)နှစ် ဒဏ်ရာရကာ နေအိမ်(၁၀)လုံး၊ စာသင်ကျောင်း (၁)ကျောင်း၊ ခရစ်ယာန် ဘုရားကျောင်း (၁)ကျောင်း၊ ဝတ်ပြုဆုတောင်းရာကျောင်းဆောင် (၁)ဆောင်တို့ ပျက်စီးခဲ့ရသည့်အပြင် အနီးဝန်းကျင်ရှိ ရွာ(၆)ရွာမှ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။ 

ယင်းနေ့တွင်ပင် ဒွယ်လိုးမြို့နယ်တွင်လည်း ထီးဂေါ်တာကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စောဖါးဒါး (၅၆)နှစ်(ကျောင်းဆရာ)၊ စောအယ်မူလား (၁၄)နှစ် (ကျောင်းသား)၊ နော်ထီးခူဖေါ (၁၆)နှစ်(ကျောင်းသူ)နှင့် စောဘိုကြီး (၁၃)နှစ်(ကျောင်းသား)တို့  သေဆုံးခဲ့ရကြောင်း သိရသည်။

ထို့အပြင် ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြသည့် နော်ဖောစေးထူး (၁၄)နှစ်၊ နော်ဒါးဝါး (၁၁)နှစ်‌၊ စောအယ်မူလာဝါး (၉)နှစ်၊ စောအယ်နေထူး (၁၅)နှစ်၊ နော်မူလာကပေါ် (၁၆)နှစ် နှင့် ကျောင်းဆရာမဖြစ်သည့် နော်ဒါး (၂၄)နှစ်တို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လူသောမြို့နယ်တွင်ပင် စစ်ကောင်စီက စက်တင်ဘာလ (၈)ရက်နေ့တွင် တိုက်လေယာဉ်များဖြင့် ခေးပူ ကျေးရွာအုပ်စုအတွင်းရှိ ခလယ်ထာ၊ တာခဲခဲဒေသကို (၃)ကြိမ်၊ ဂယ်ယူဒဲဒေသကို (၁)ကြိမ်နှင့် သေသူးခီးဒေသကို (၁)ကြိမ် လေကြာင်းမှ တိုက်ခိုက်ခဲ့ရာ အရပ်သားများ ထိခိုက်သေဆုံးမှုနှင့် အခြားသော ပျက်စီးမှုများလည်း ရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency