မြန်မာ့ရိုးရာလက်‌ဝှေ့ကစားသမား တူးတူး ထောင်တွင်း၌ ဆုံးပါး

မြန်မာ့ရိုးရာလက်‌ဝှေ့ကစားသမား တူးတူး ထောင်တွင်း၌ ဆုံးပါး

မြန်မာ့ရိုးရာ လက်ဝှေ့ကစားသမား တူးတူး ထောင်တွင်း၌ ဆုံးပါးသွားကြောင်း ၎င်းနှင့် နီးစပ်သည့် မိတ်ဆွေအသိုင်းအဝိုင်းများထံမှ ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့တွင် သိရသည်။

လက်ဝှေ့ကျော်တူးတူး ဆုံးပါးသွားသည့် သတင်းသည် ပြီးခဲ့သည့် လပိုင်းကတည်းက ထွက်ပေါ်လာခဲ့သော်လည်း အတည်မပြုနိုင်ခဲ့ဘဲ ယနေ့တွင်သာ အတည်ပြုနိုင်ခြင်းဖြစ်ကြောင်း လက်ဝှေ့အသိုင်းအဝိုင်းက ပြောဆိုထားကြသည်။

၎င်းသည် မည်သည့်နေရာတွင် ဆုံးပါးသွားသည်ကိုမူ Tachileik News Agencyအနေဖြင့် အတည်မပြုနိုင်သေးပေ။

တူးတူး အပါအဝင် အမျိုးသား(၆)ဦးကို မကွေးတိုင်း၊ စကုမြို့နယ်တွင် ၂၀၂၂ခုနှစ် ဧပြီလတွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်များကမူ တူးတူးအပါအဝင် အမျိုးသား(၆)ဦးကို လက်နက်ငယ်တချို့၊ လက်ပစ်ဗုံး(၂)လုံးတို့နှင့်အတူ စကုမြို့ရှိ စားသောက်ဆိုင်တစ်ခုအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရေးသားခဲ့ကြသည်။

တူးတူးသည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံ တစ်ဦးဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

#TachileikNewsAgency