ဝက်လက်မြို့နယ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ပန်းသပိတ်ပြုလုပ်ရန် တိုက်တွန်း

ဝက်လက်မြို့နယ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ပန်းသပိတ်ပြုလုပ်ရန် တိုက်တွန်း

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် ၂၀၂၃ခုနှစ် ဇွန်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၇၈) နှစ်ပြည့် မွေးနေ့တွင် ပန်းသပိတ်လူထုလှုပ်ရှားမှုကို နိုင်ငံလုံးကျွတ်ဖော်ဆောင် ဆင်နွှဲကြရန် တိုက်တွန်းကြောင်း နှိုးဆော်မှုအား ပြီးခဲ့သည့် ဇွန်လ (၁၇)ရက်နေ့က ပြုလုပ်ခဲ့ကြသည်။



ဇွန်လ(၁၉)ရက်နေ့မှာ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဓမ္မဖမ်း ဆီးခံထားရသည့် ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ၊ နိုင်ငံရေးအကျဥ်းသားများကို ဂုဏ်ပြုလေးစား အောက်မေ့သောအားဖြင့် လည်းကောင်း၊ တော်လှန်ရေးသမိုင်းအဆက်ဆက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းရွက်နေကြ‌သည့် အမျိုးသမီးထု၏ ဂုဏ်ရည်ကို ဖော်ညွှန်းသောအားဖြင့်လည်းကောင်း ပန်းသပိတ်လူထုလှုပ်ရှားမှုကို နိုင်ငံလုံးကျွတ် ဖော်ဆောင် ဆင်နွှဲကြဖို့ တိုက်တွန်း ထားသည်။



ပန်းသပိတ်လှုပ်ရှားမှု၏ အဓိပ္ပာယ်မှာ လူထုအနေဖြင့် စစ်အာဏာရူးများ၏ ရက်စက်ယုတ်မာ အကြမ်းဖက်မှုတွေကြောင့် ကြောက်ရွံ့၊ သွေးပျက်၊ ခြောက်ခြားပြီး တော်လှန်ရေးတွင် နောက်ဆုတ်သွားမည်မဟုတ်သည်ကို ပြသလိုခြင်းဖြစ်သည်ဟု ဆိုသည်။



ထို့ကြောင့် လာမည့် ဇွန်လ(၁၉)ရက်နေ့တွင် နိုင်ငံလုံးကျွတ် ပန်းသပိတ်ဆင်နွှဲကြရန်၊ ယင်းနေ့တွင် ဘုရားပန်းအိုး အသစ်တင်ခြင်း၊ အိမ်တွင်းအိမ်ပြင်၊ အိမ်ရှေ့တိုင်းတွင် ပန်းထိုးကြခြင်း၊ အလှဆင်ခြင်း၊ ပန်းအလှများ ချိတ်ဆွဲပြင်ဆင်ခြင်းနှင့် အွန်လိုင်းတွင်လည်း ပန်းသပိတ်ကမ်ပိန်း လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။



#TachileikNewsAgency

Photo : ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ