KNU ၏ နယ်မြေတွင် ဧပြီလအတွင်း စစ်ကောင်စီတပ်၏ ကျူးကျော် တိုက်ခိုက်လာမှုများကြောင့် နေအိမ်(၃၀၀)ကျော် ပျက်စီးပြီး ဒေသခံ(၁၄)ဦး သေဆုံးကာ (၅၉)ဦး ဒဏ်ရာရခဲ့

KNU ၏ နယ်မြေတွင် ဧပြီလအတွင်း စစ်ကောင်စီတပ်၏ ကျူးကျော် တိုက်ခိုက်လာမှုများကြောင့် နေအိမ်(၃၀၀)ကျော် ပျက်စီးပြီး ဒေသခံ(၁၄)ဦး သေဆုံးကာ (၅၉)ဦး ဒဏ်ရာရခဲ့

 ကရင်အမျိုးသားအစည်းအရုံး(Karen National Union - KNU)၏ ထိန်းချုပ် နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်သည် ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း ကျူးကျော်ကာ လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ လက်နက်ငယ်များနှင့် ပစ်ခတ်မှု၊ ဖမ်းဆီးသတ်ဖြတ်မှု၊ မိုင်းနင်းမှုတို့ကြောင့် ဒေသခံ (၁၄)ဦးသေဆုံးပြီး (၅၉)ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ၂၀၂၃ခုနှစ် မေလ (၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

 

စစ်ကောင်စီတပ်များသည် ဒေသခံများနေထိုင်ရာ ကျေးရွာများနှင့်  လုပ်ငန်းခွင်များ အတွင်းသို့ လေကြောင်း တိုက်ခိုက်မှုပေါင်း (၄၄) ကြိမ်ထက် မနည်း ပြုလုပ်ခဲ့ရာ နေအိမ် (၃၀၃)လုံး၊ အဆောက်အဦး (၃)လုံး၊ ဆေးပေးခန်း (၂)လုံး၊ စာသင်ကျောင်း (၃)ကျောင်း၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း (၁) ကျောင်း၊ ခရစ္စယာန် ဘုရားရှိခိုးကျောင်း (၂)ကျောင်း ပျက်စီးခဲ့ရပြီး ဒေသခံ (၁၅)ဦးခန့် ဒဏ်ရာရကာ (၁)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ 

ဒါ့အပြင် ဒေသခံများ၏ လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှု(၂၄၃)ကြိမ်ထက်မနည်းရှိခဲ့ရာ နေအိမ် (၁၅၀)လုံး၊ အဆောက်အဦး (၅)လုံး၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း (၂)ကျောင်းပျက်စီးခဲ့ရပြီး ဒေသခံ (၃၈)ဦး ဒဏ်ရာရကာ (၇)ဦး ထက်မနည်း သေဆုံးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ ဒေသခံများအား အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင်း ဒေသခံ (၁)ဦး ဒဏ်ရာရကာ (၄) ဦးသေဆုံးခဲ့ရပြီး စစ်ကောင်စီတပ်များ ထောင်ထားသည့် မိုင်းနင်းမိပြီး ဒေသခံ (၅)ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

 

စစ်ကောင်စီတပ်များသည် ဒေသခံ (၁၆)ဦးခန့်ကို ဖမ်းဆီးခဲ့ပြီး (၂)ဦးကို သတ်ဖြတ်ကာ (၂) ဦးအား ညှင်းပန်းနှိပ်ဆက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

 

စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာ (၇) ရွာမှ နေအိမ်(၇၄) လုံး၊ အဆောက်အဦး (၅)လုံးနှင့် ဗုဒ္ဓဘာသာဘုန်းကျောင်း (၁) ကျောင်းတို့ကို မီးရှို့ဖျက်ဆီးခဲ့ကာ ဒေသခံများ ၏ အိမ်တွင်းပစ္စည်းဥစ္စာများအား အတင်းအဓမ္မယူဆောင်သွားသည်ဟု သိရသည်။

 

Photo: KNU