အသံထက်မြန်သည့် ရုရှားဒုံးကျည်ကို အမေရိကန် လေကြောင်းကာကွယ်ရေးစနစ်ဖြင့် ယူကရိန်းက ပစ်ချ

အသံထက်မြန်သည့် ရုရှားဒုံးကျည်ကို အမေရိကန် လေကြောင်းကာကွယ်ရေးစနစ်ဖြင့် ယူကရိန်းက ပစ်ချ
By Mr John

ရုရှား၏ အသံထက်မြန်သည့် ဒုံးကျည်တစ်စင်းကို အမေရိကန်လုပ် လေကြောင်းကာကွယ်ရေးစနစ်သုံးပြီး ပစ်ချခဲ့ကြောင်း ယူကရိန်းလေတပ်က ၂၀၂၃ခုနှစ် မေလ (၆) ရက်နေ့တွင် ပြောသည်။ 

ယခုဖြစ်ရပ်က ရုရှား၏ တာဝေးလေကြောင်းတိုက်ခိုက်မှုများအတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ခုဖြစ်နိုင်ကြောင်းလည်း သိရသည်။ 

ယူကရိန်းက ပစ်ချလိုက်သည့် Kinzhal ဒုံးကျည်မှာ ၂၀၁၈ ခုနှစ်တွင် သမ္မတ ဗလာဒီမာပူတင် ထုတ်ဖော်ပြသခဲ့သည့် မျိုးဆက်သစ် လက်နက် (၆) ခုအနက်မှ တစ်ခုဖြစ်သည်။

Kinzhal ဒုံးကျည်ကို ထုတ်ဖော်ပြသခဲ့စဥ် မည်သည့် ကမ္ဘာ့လေကြောင်းကာကွယ်ရေးစနစ်ကမှ ပစ်မချနိုင်ဟု ပူတင်က ညွှန်းဆိုပြောခဲ့သော်လည်း  Kinzhal ဒုံးကျည်ကို မေလ (၄) ရက် ညပိုင်းက ကိဗ်မြို့တော်အပြင်ဘက် နယ်မြေတွင် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်းလေတပ်မှ တပ်မှူး Mykola Oleshchuk က ဆိုသည်။ 

ယူကရိန်းလေတပ်က ထိုဒုံးကျည်ကို အမေရိကန် Patriot လေကြောင်းကာကွယ်ရေးစနစ်ဖြင့် ပစ်ချခဲ့ခြင်း ဖြစ်သည်။

"သမိုင်းဝင်ဖြစ်ရပ်အတွက် ယူကရိန်းပြည်သူတွေကို ဂုဏ်ပြုပါတယ်။ ဟုတ်ပါတယ်။ ကျနော်တို့ ပြိုင်ဘက်ကင်းတဲ့ Kinzhal ဒုံးကျည်ကို ပစ်ချခဲ့ပါတယ်" ဟု ၎င်းက Telegram တွင် ပြောထားသည်။ 

Patriot စနစ်မှာ အရေးပါသည့် အရပ်ဘက် အခြေခံအဆောက်အအုံများ၊ ဓာတ်အားပေးစက်ရုံများနှင့် အခြား နေရာများကို ပစ်မှတ်ထားသည့် လနှင့်ချီကြာပြီဖြစ်သော ရုရှားလေကြောင်းတိုက်ခိုက်မှုများကို တွန်းလှန်ရန်အတွက် အနောက်အုပ်စုက ယူကရိန်းကို ထောက်ပံ့ပေးထားသော ခေတ်မီ လေကြောင်းကာကွယ်ရေးစနစ်များအနက်မှ တစ်ခုဖြစ်သည်။

ရုရှားက ဆောင်းရာသီမတိုင်မီ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ယူကရိန်းနိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ရာ ရာနှင့်ချီသည့် အရပ်သားများ သေဆုံးခဲ့သည်။ 

အဆိုပါ လေကြောင်းတိုက်ခိုက်မှုများက ယူကရိန်း၏ မဟာဓာတ်အားလိုင်းကို မဖျက်ဆီးနိုင်ခဲ့သော်လည်း လျှပ်စစ်ဓာတ်အား ဖြတ်တောက်ရမှုနှင့် အခြား ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 

ရုရှားကမူ အရပ်သားများကို ပစ်မှတ်ထားခြင်းမရှိဟု ငြင်းဆိုနေခဲ့သည်။

၎င်း၏ အသံထက်မြန်သော Kinzhal ဒုံးကျည်ကို ပစ်ချခဲ့ကြောင်း ယူကရိန်း၏ ထုတ်ပြန်ချက်အပေါ် ရုရှားဘက်က ချက်ချင်း မှတ်ချက်မပေးသေးဟု ဆိုသည်။ 

ရုရှား၏ အဆိုပါ ဒုံးကျည်မှာ တစ်နာရီလျှင် (၁၂,၃၅၀) ကီလိုမီတာ အမြန်နှုန်းအထိ ရောက်ရှိနိုင်ပြီး နျူကလီးယား သို့မဟုတ် သမားရိုကျ ‌ထိပ်ဖူးကို သယ်ဆောင်နိုင်သည်။ 

Kinzhal ဒုံးကျည်က ကီလိုမီတာ (၁,၅၀၀) မှ (၂,၀၀၀) အထိ အကွာအဝေးကို ရောက်ရှိနိုင်ကြောင်း သိရသည်။

Source: Reuters