ကန့်ဘလူ အရေးနှင့် ခေတ်ဆိုး စနစ်ဆိုးများကို ခါးစည်းခံနေရသည့် မြန်မာပြည်သူများအတွက် အမေရိကန်ရောက် မြန်မာများက နယူးယောက်တွင် ဆုတောင်းကာ ဆန္ဒထုတ်ဖော်

Photo: Kyaw Soe Latt Photography
Photo: Kyaw Soe Latt Photography
ကန့်ဘလူ အရေးနှင့် ခေတ်ဆိုး စနစ်ဆိုးများကို ခါးစည်းခံနေရသည့် မြန်မာပြည်သူများအတွက် အမေရိကန်ရောက် မြန်မာများက နယူးယောက်တွင် ဆုတောင်းကာ ဆန္ဒထုတ်ဖော်

 ပဇီကြီးကျေးရွာအတွင်း လူအစုလိုက်အပြုံလိုက် ဗုံးကြဲပြီး သတ်ခံရမှုများနှင့် မြန်မာနိုင်ငံအတွင်း ခေတ်ဆိုး စနစ်ဆိုးများကို ခါးစည်းခံနေရသည့် ပြည်သူများအတွက် အမေရိကန်ရောက် မြန်မာ့အရေးတက်ကြွသည့် မြန်မာများ စုပေါင်းပြီး ဆုတောင်း ဆန္ဒထုတ်ဖော်ပွဲကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်တွင် ဒေသစံတော်ချိန် ၂၀၂၃ခုနှစ် ဧပြီလ(၁၃)ရက်နေ့ ည(၆)နာရီ ဝန်းကျင်က ကျင်းပခဲ့ကြသည်။

စစ်ကိုင်းတိုင်းအတွင်း၊ ကန့်ဘလူမြို့နယ်အတွင်း ပဇီကြီးကျေးရွာတွင် ၂၀၂၃ခုနှစ် ဧပြီလ(၁၁)ရက်နေ့ နံနက်ပိုင်းက အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးသူငယ်များနှင့် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များ အပါအဝင်  အပြစ်မဲ့အရပ်သား အနည်းဆုံး (၁၀၀)ကျော်ဝ  အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရခြင်းဖြစ်ပြီး ထိုသို့ တိုက်ခိုက်ခြင်းကိုလည်း အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့တိုက်ခိုက်ခဲ့ကြောင်းကို ဝန်ခံထားရှိသည်။



ဆုတောင်း ဆန္ဒထုတ်ဖော်မှုအတွင်း "စစ်မိစ္ဆာတို့၏ စက်ဆုပ် ရွံရှာဖွယ် ကောင်းလှသည့် လူစိတ်ပျောက်သော သွေးရူး သွေးတမ်းလုပ်ရပ်များအား အပြင်းအထန်ရှုံ့ချကြပြီး၊ စစ်အာဏာရှင်တို့အား အမြန်ဆုံးအမြစ်ဖြတ်နိုင်ရန် အတွက်နိုင်ငံတကာ ခေါင်းဆောင်များမှ အကူအညီပေးစေရန် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ထံ နယူးယောက်ရှိ မြန်မာလူမှုအဖွဲစည်းများ နိုင်ငံရေးလှုပ်ရှားသူများက အိတ်ဖွင့်ပေးစာတစောင်ပေးပို့တောင်းဆိုခဲ့ကြသည်"ဟု အဆိုပါ ပွဲကို ဦးဆောင်ကျင်းပသည့် The New York City BURMESE COMMUNITY (NYCBC)က ဆိုထားသည်။



ဆန္ဒထုတ်ဖော်ပွဲသို့ ကြွရောက်လာသည့် စစ်ကိုင်းတိုင်း ဒေသခံ ဆရာတော် သံဃာတော်များကို မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ကာ ဆုတောင်ပေးကြောင်းနှင့် အဆိုပွဲသို့  နယူးယောက်တွင် နေထိုင်သည့် မြန်မာတိုင်းရင်းသားပေါင်းစုံ စုစုပေါင်း (၃၀၀) ဝန်းကျင် တက်ရောက်ခဲ့ကြကြောင်း သိရသည်။



"အကြမ်းဖက် မင်းအောင်လှိုင်နှင့် အပေါင်းပါ စစ်မိစ္ဆာတို့အပေါ်သွေးဆာနေသောလူသတ်ကောင်များအဖြစ် တညီတညွတ်တည်း သက်မှတ်ကာ၊ NUG အစိုးရအားပြည်သူတင်မြောက်သော တရားဝင်အစိုးရအဖြစ် အတိအလင်း လက်ခံအသိအမှတ်ပြု၍၊ အစိုးရအချင်းချင်းမှ အစိုးရ အချင်းချင်းသို့ တိုက်ရိုက်အကူအညီပေးမှုများ အလျင်မြန်ဆုံးလုပ်ဆောင်ရန်တိုက်တွန်းခဲ့ကြသလို အကြမ်းဖက်စစ်တပ်အား လေယာဉ်ဆီများရောင်းချနေခြင်းကို ပိတ်ပင်ရန်၊ မြန်မာပြည်အတွင်း စစ်ရာဇဝတ်မှုများ ကျုးလွန်နေသူတွေကို နည်းလမ်းရှာပြီး နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) သို့လွှဲပြောင်းပေးရန် အစရှိသဖြင့်မြန်မာပြည်သူများအတွက်အရေးတကြီးတောင်းဆို ဆန္ဒပြဖော်ထုတ်ခဲ့ကြသည်ဟု NYCBC က ထုတ်ပြန်ထားသည်။