ဒီးမော့ဆိုမြို့နယ်အတွင်း (၂)ရက်အကြာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၃၀)နီးပါး အထိနာ

 ဒီးမော့ဆိုမြို့နယ်အတွင်း (၂)ရက်အကြာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၃၀)နီးပါး အထိနာ
ဒီဇင်ဘာ 16, 2022 | 2021 Military Coup| ကယား

 ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း စံပြ (၆)မိုင် နှင့် ဘက်သလိန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် နှစ်ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က  အထိနာ သွားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ ( Karenni Nationalities Defense Force-KNDF ) ၏ ဗဟိုသတင်းနှင့်ပြန်ကြား​ရေးဌာနက ယနေ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၁၆)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ဒီဇင်ဘာလ(၁၃)ရက်နှင့် (၁၄)ရက်နေ့တို့တွင် အဆိုပါ နေရာများသို့ စစ် ကြောင်းထိုးလာသည့် စစ်ကောင်စီ နှင့် KNDF B 09 တို့ တိုက်ပွဲ (၃) ကြိမ်ဖြစ်ပွားခဲ့ရာ  စစ်ကောင်စီတပ်ဘက်က (၃၀)နီးပါး ထိခိုက်ဒဏ်ရာရကာ အထိနာသွားကြောင်း သိရသည်။ 

ဒီဇင်ဘာလ ၁၃ ရက်တွင် စစ်ကောင်စီတပ်များသည် ဘက်သလိန်ကျေးရွာနှင့် ဝမ့်လထွားကျေးရွာတို့အတွင်း ဝင်ရောက် မီးရှို့ဖျက်စီးခဲ့ပြီး လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်သဖြင့် ဒေါစဲကျေးရွာအတွင်း လက်နက်ကြီး (၃)လုံး ကျရောက်ပေါက်ကွဲပြီး ဒေသခံ(၁) ဦး ထိခိုက်သေဆုံးခဲ့ရသည်ဟု သိရသည်။

ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် ဘက်သလိန်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တဖက်သတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကာ ဘက်သလိန်နှင့် ဝမ့်လထွားကျေးရွာများတွင် တပ်စွဲထားကြောင်း သိရသည်။

 

 Photo: KNDF