အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးကို မဖိတ်၍ အစည်းဝေး၏ သဘောတူညီချက်များကို လိုက်နာမည်မဟုတ်ဟု စစ်ကောင်စီက လူမိုက် ဆန်ဆန် တုန့်ပြန်

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးကို မဖိတ်၍ အစည်းဝေး၏ သဘောတူညီချက်များကို လိုက်နာမည်မဟုတ်ဟု စစ်ကောင်စီက လူမိုက် ဆန်ဆန် တုန့်ပြန်
အောက်တိုဘာ 28, 2022 | 2021 Military Coup| နိုင်ငံတကာသတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီက   ၎င်းတို့ကို အာဆီယံအစည်းအဝေး မဖိတ်သဖြင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးမှ သဘောတူညီမှုများကို လိုက်ဆောင်ရွက်မည် မဟုတ်ကြောင်း   အောက်တိုဘာလ(၂၇)ရက်နေ့ ညပိုင်းက သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အစည်းအဝေးတွင် စစ်ကောင်စီ ပါဝင်ခြင်းမရှိဘဲ အာဆီယံ(၉) နိုင်ငံဖြင့်သာ ဆွေးနွေးသဘောတူညီခဲ့ခြင်းသည် အာဆီယံ ပဋိညာဉ်စာတမ်းပါ မူများနှင့်အညီ အဖွဲ့ဝင်နိုင်ငံအားလုံး၏ တူညီဆန္ဒအရ ဆောင်ရွက်ခဲ့ခြင်း မဟုတ်သည့်အတွက် လိုက်ပါဆောင်ရွက်မည် မဟုတ်ဟု ထုတ်ပြန်လာခြင်းဖြစ်သည်။

"အစည်းအဝေးတွင် မြန်မာနိုင်ငံက ပါဝင်ခြင်းမရှိဘဲ အာဆီယံ(၉)နိုင်ငံဖြင့်သာ ဆွေးနွေး သဘော တူညီခဲ့ခြင်းသည် အာဆီယံပဋိညာဉ်စာတမ်းပါ မူ များနှင့်အညီ အဖွဲ့ဝင်နိုင်ငံ အားလုံး၏ တူညီ ဆန္ဒအရ ဆောင်ရွက်ခဲ့ခြင်း မဟုတ်သည့်အတွက် မြန်မာနိုင်ငံအနေနှင့် လိုက်ပါဆောင်ရွက်မည် မဟုတ်ပါ။"ဟု အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

ဒါ့အပြင် တူညီဆန္ဒ (၅)ချက် အကောင်အထည်ဖော်ခြင်းသည် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ရာ အချိန်ကန့်သတ်ချက်ဖြင့် ဖိအားပေး၊ အကြပ်ကိုင်သည့် ချဉ်းကပ်မှုမျိုးသည် အကျိုးမရှိနိုင်သည့်အပြင် ဆိုးကျိုးသက်ရောက်မှုများကိုပင် ဦးတည်သွားစေနိုင်သည်ဟု ဆိုသည်။

 အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် အောက်တိုဘာလ(၂၇)ရက်နေ့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးကို ကျင်းပခဲ့ပြီး စစ်ကောင်စီအား နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ပုဂ္ဂိုလ်ကိုသာ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။