တန့်ဆည်မြို့နယ်အတွင်း လှည့်လည်နေသည့် စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

တန့်ဆည်မြို့နယ်အတွင်း လှည့်လည်နေသည့် စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ
အောက်တိုဘာ 11, 2022 | 2021 Military Coup| အခြားဒေသများ
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း ကျေးရွာများတွင် လှည့်လည်နေသည့် အာဏာသိမ်းစစ်ကောင်စီတပ်စစ်ကြောင်းကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း  TPC-Taze People Comrades က သတင်းထုတ်ပြန်ထားသည်။

တန့်ဆည်မြို့နယ် အရှေ့ဖက်ခြမ်းရှိကျေးရွာများတွင် လှည့်လည်နေသည့် အင်အား ၈၀ ဝန်းကျင်ရှိသည့် စစ်ကြောင်းက တန့်ဆည်မြို့ဘက် ပြန်လာစဉ် အင်ကြင်းပင်တောရကျောင်းအနီး မူးဘောင်တံတားအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး  ရွှေဘိုခရိုင် တပ်ရင်း(၂၅) TPC က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ထိခိုက်သေဆုံးသူများကို တန့်ဆည်မြို့တွင်း သယ်သွားသည်ကို တွေ့ရသည်ဟု သတင်းထုတ်ပြန်ထားပြီး နေ့လယ်ပိုင်းတွင် တန့်ဆည်ဘောလုံးကွင်းအတွင်းသို့ စစ်ကောင်စီတပ် ရဟတ်ယာဉ်တစ်စီး ဆင်းသက်လာကြောင်း သိရသည်။

ယင်းအပြင် တန့်ဆည်မြို့နယ်အတွင်း ဒယ်ရောက်ကျေးရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့များ တန့်ဆည်ဘက်သို့ ဦးတည်ထွက်ခွာသွားကြသည်ကိုလည်း တွေ့ရသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် တန့်ဆည်မြို့နယ်အတွင်း စစ်ကြောင်းများခွဲ၍ လှည့်လည်နေကြခြင်းဖြစ်ပြီး အချို့ကျေးရွာများတွင် စည်းရုံးရေးဆင်းနေကြောင်း သိရသည်။