တရုတ်နိုင်ငံတွင် လွှတ်တော်အမတ်များက ကလေးငယ်များကို အင်္ဂလိပ်စာဘာသာရပ် သင်ကြားချိန် လျှော့ချရန် အဆိုပြု

တရုတ်နိုင်ငံတွင် လွှတ်တော်အမတ်များက ကလေးငယ်များကို အင်္ဂလိပ်စာဘာသာရပ် သင်ကြားချိန် လျှော့ချရန် အဆိုပြု
အောက်တိုဘာ 2, 2022 | နိုင်ငံတကာသတင်း
By Mr John

တရုတ်နိုင်ငံတွင် လွှတ်တော်အမတ်များက စာသင်ကျောင်းများ၌ ကလေးများကို အင်္ဂလိပ်စာဘာသာရပ် သင်ကြားချိန် နောက်ထပ်လျှော့ချရန် အဆိုပြု တောင်းဆိုခဲ့ကြကြောင်း သိရသည်။ 

တရုတ်လွှတ်တော်အမတ်များ၏ ထိုသို့ အဆိုပြုမှုက ကျောင်းသူကျောင်းသားများ၏ အနာဂတ်ကို ထိခိုက်စေနိုင်ကြောင်း တရုတ်ဆိုရှယ်မီဒီယာတွင် ဝေဖန်ပြောဆိုမှုများ မြင့်တက်နေခဲ့သည်။

လွှတ်တော်အမတ်များ၏ ယခုအဆိုပြုမှုက အနောက်တိုင်းဩဇာလွှမ်းမိုးမှု လျော့နည်းစေရန်နှင့် နိုင်ငံခြားဘာသာစကားများ လေ့လာသင်ယူချိန် လျှော့ချပြီး ထိုအစား တရုတ်ယဥ်ကျေးမှုကို မြှင့်တင်ရန် ဆယ်စုနှစ်တစ်ခုကြာ ဆောင်ရွက်နေမှု၏ အစိတ်အပိုင်းလည်း ဖြစ်သည်။ 

တရုတ်လွှတ်တော် National People's Congress ၏ အမတ်များက မတ်လအတွင်း ထိုသို့ အဆိုပြုခဲ့ကြခြင်းဖြစ်ပြီး ပညာရေးဝန်ကြီးဌာနက ပြီးခဲ့သည့်လတွင် ထုတ်ပြန်ချက်တစ်ခုဖြင့် တုံ့ပြန်ခဲ့စဥ် လူသိရှင်ကြား ဖြစ်လာခဲ့သည်။

တရုတ်လွှတ်တော်အမတ်များက ရိုးရာယဥ်ကျေးမှုကို မြှင့်တင်ပြီး အင်္ဂလိပ်စာသင်ကြားမှုကို လျှော့ချရန် အဆိုပြုခဲ့ကြသည်။

 "အင်္ဂလိပ်စာ လေ့လာသင်ယူမှုက လိုအပ်ပေမဲ့ အချိန်နည်းနည်းပဲ ယူသင့်တယ်" ဟု အဆိုပြုချက်တွင် ပါရှိကြောင်း အမည်မဖော်ပြသည့် တရုတ်လွှတ်တော်အမတ်တစ်ဦးက ပြောသည်။ 

အဆိုပြုချက်တွင် ပါရှိသည့် နောက်ထပ် အကြံပေးထားမှုတစ်ခုမှာမူ "အင်္ဂလိပ်စာသင်ကြားတဲ့ နည်းလမ်းတွေကို ပြုပြင်ပြောင်းလဲပြီး ပြောဆိုဆက်သွယ်ရေးနဲ့ လက်တွေ့ဘဝ အသုံးချမှုကို အလေးပေးတဲ့ အခြေခံသင်ကြားမှုကို ပြောင်းပါ" ဟု ဖြစ်သည်။

တရုတ်ပညာရေးဝန်ကြီးဌာနက လွှတ်တော်အမတ်များ၏ အဆိုပြုချက်များကို ပယ်ချခဲ့သော်လည်း ရိုးရာတရုတ်ယဥ်ကျေးမှုကို ပိုမိုမြှင့်တင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ကတိပြုခဲ့ကြောင်း သိရသည်။ 

အင်္ဂလိပ်စာမှာ သင်ရိုးညွှန်းတမ်းတစ်ခုလုံး၏ (၈) ရာခိုင်နှုန်းမျှသာဖြစ်ကြောင်းနှင့် တရုတ်ဘာသာစကားကို လေ့လာသင်ယူချိန်၏ သုံးပုံတစ်ပုံအောက်သာဖြစ်ကြောင်း တရုတ်ပညာရေးဝန်ကြီးဌာနက ပြောသည်။

သို့သော် တရုတ်ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် ကျောင်းများတွင် အင်္ဂလိပ်စာကို မဖြစ်စလောက်သာ သင်ကြားပေးလာနိုင်မှုကြောင့် ကျောင်းသူကျောင်းသားများ၏ အနာဂတ်အလုပ်အကိုင် မျှော်မှန်းချက်များကို ထိခိုက်နိုင်ကြောင်း ဆိုရှယ်မီဒီယာ အသုံးပြုသူများကြား စိုးရိမ်ပူပန်နေကြသည်။

 "ကျောင်းသူကျောင်းသားတွေ အသက်ငယ်စဥ်ကတည်းက အင်္ဂလိပ်စာ လေ့လာသင်ယူဖို့က အလွန်အရေးကြီးပါတယ်။ ကမ္ဘာပေါ်မှာ ထင်ရှားတဲ့ ပညာရေးဂျာနယ်တွေ အများစုက အင်္ဂလိပ်လို ရေးထားတာပါ။ ဒါတွေကိုဖတ်ဖို့က ကွန်ပျူတာက ဘာသာပြန်တာကို အားကိုးနိုင်မလား" ဟု Weibo ပို့စ်တစ်ခုတွင် ရေးသားထားသည်။

တရုတ်အာဏာပိုင်များကမူ အင်္ဂလိပ်စာ လေ့လာသင်ယူချိန် လျှော့ချရန် လုပ်ဆောင်နေခြင်း၏ ရည်ရွယ်ချက်မှာ ယဥ်ကျေးမှုဆိုင်ရာ ယုံကြည်မှု မြှင့်တင်ရန်ဖြစ်ကြောင်းနှင့် ၎င်းမှာ သမ္မတရှီကျင့်ဖျင် အလေးထားသည့် စီမံကိန်းများအနက်မှ တစ်ခုဖြစ်ကြောင်း ပြောသည်။ 

တရုတ်နိုင်ငံတွင် စာသင်ကျောင်းများ၌ အင်္ဂလိပ်စာသင်ချိန် လျှော့ချရန် မူဝါဒအနည်းငယ်ကို အကောင်အထည်ဖော်ပြီးဖြစ်ကြောင်း သိရသည်။

Source: SCMP