ထိုင်းနိုင်ငံတွင် ဒုတိယမြောက် မျောက်ကျောက်ရောဂါကူးစက်လူနာ တွေ့ရှိ

Photo: Reuters
Photo: Reuters
ထိုင်းနိုင်ငံတွင် ဒုတိယမြောက် မျောက်ကျောက်ရောဂါကူးစက်လူနာ တွေ့ရှိ
ဇူလိုင် 29, 2022 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံတွင် ဒုတိယမြောက် မျောက်ကျောက်ရောဂါ ကူးစက်လူနာ အမျိုးသားတစ်ဦးကို တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန Public Health Ministry က ဇူလိုင်လ (၂၈) ရက်နေ့၌ ထုတ်ပြန်သည်။ 

ထိုအမျိုးသားမှာ ဘန်ကောက်မြို့တွင် အခြား လူ (၁၀) ဦးနှင့်အတူ နေထိုင်သူဖြစ်ကြောင်း သိရသည်။

မျောက်ကျောက်ရောဂါ ကူးစက်ခံရသည့်ပုဂ္ဂိုလ်မှာ အသက် (၄၇) နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဇူလိုင်လ (၁၂) ရက်နေ့က ကိုယ်အပူချိန် မြင့်တက်ခြင်း၊ နာကျင်ကိုက်ခဲခြင်းနှင့် ခန္ဓာကိုယ်ပေါ်တွင် အနာစက်များ ဖြစ်ပေါ်ခဲ့ကြောင်းနှင့် ၎င်းကို Vajira ဆေးရုံတွင် ကုပေးနေကြောင်း ကျန်းမာရေးဝန်ကြီး Anutin Charnvirakul က ပြောသည်။

ဆေးသိပ္ပံဌာန Medical Sciences Department ၏ ဓာတ်ခွဲစမ်းသပ်မှုအရ ထိုအမျိုးသားထံတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံထားရကြောင်း အတည်ပြုခဲ့သည်ဟု ဝန်ကြီးကဆိုသည်။ 



ထိုအမျိုးသားက ကျန်းမာရေးအာဏာပိုင်များထံ ပြောကြားမှုအရ ၎င်းမှာ နိုင်ငံခြားသား အမျိုးသားများနှင့် လိင်ဆက်ဆံမှုရှိခဲ့ကြောင်းလည်း သိရသည်။

၎င်းနှင့် တစ်အိမ်တည်းအတူနေသူ (၁၀) ဦးကို ရောဂါကူးစက်ခံရမှု အန္တရာယ်ရှိအုပ်စုအဖြစ် သတ်မှတ်ထားကြောင်း ရောဂါထိန်းချုပ်ရေးဌာန Disease Control Department အထွေထွေညွှန်ကြားရေးမှူး ဒေါက်တာ Opas Karnkawingpong က ပြောသည်။ 

ထို (၁၀) ဦးကို ဓာတ်ခွဲနမူနာရယူပြီး စစ်ဆေးနေကြောင်းနှင့် ကျန်းမာရေးအာဏာပိုင်တွေက ဓာတ်ခွဲခန်းအဖြေကို စောင့်ဆိုင်းနေကြောင်း သိရသည်။

တာဝန်ရှိသူတွေက ဒုတိယမြောက် မျောက်ကျောက်ရောဂါလူနာနှင့် အနီးကပ်ထိတွေ့မှုရှိခဲ့သည့် အခြားလူများကိုလည်း ရှာဖွေရန်ကြိုးပမ်းနေသည်ဟု ဒေါက်တာ Opas ဆိုသည်။ 

ထိုင်းနိုင်ငံ၏ ပထမဆုံး မျောက်ကျောက်ရောဂါ လူနာမှာ ဖူးခက်တွင် တွေ့ခဲ့ရသည့် နိုင်ဂျီးရီးယားအမျိုးသားဖြစ်ပြီး ၎င်းမှာ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ပြေးရောက်ရှိသွားခဲ့ရာ ယခုအခါ ဖနွမ်းပင်မြို့တွင် ကုသမှုခံယူနေသည်။

 

Source: Bangkok Post