ဟင်းချက်ဆီ ပြတ်လပ်မှုကို ဖြေရှင်းရန် ဘီယာ နှင့် နေကြာဆီ လဲသောက်ခွင့်ပြုထားသည့် ဂျာမနီနိုင်ငံတွင်းက ဘီယာဆိုင်

ဟင်းချက်ဆီ ပြတ်လပ်မှုကို ဖြေရှင်းရန် ဘီယာ နှင့် နေကြာဆီ လဲသောက်ခွင့်ပြုထားသည့် ဂျာမနီနိုင်ငံတွင်းက ဘီယာဆိုင်
ဇူလိုင် 19, 2022 | နိုင်ငံတကာသတင်း
By Mr John

ဂျာမနီနိုင်ငံ မြူးနစ်မြို့မှ ဘီယာတစ်ဆိုင်တစ်ဆိုင်က ဟင်းချက်ဆီပြတ်လပ်မှုကို ဖြေရှင်းရန် ဆန်းသစ်သော နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး အလုပ်ဖြစ်နေသည်ဟု ဆိုသည်။ 

ထိုနည်းလမ်းမှာ ဖောက်သည်များအတွက် ဘီယာကို နေကြာဆီနှင့် အလဲအလှယ်လုပ်ပြီး သောက်ခွင့်ပြုလိုက်ခြင်းပင် ဖြစ်သည်။ 

ကမ္ဘာတဝန်း နေကြာဆီတင်ပို့မှု၏ (၈၀) ရာခိုင်နှုန်းမှာ လက်ရှိ စစ်ဖြစ်နေကြသည့် ယူကရိန်းနှင့်ရုရှားတို့ထံမှဖြစ်ရာ ဂျာမနီအပါအဝင် ဥရောပနိုင်ငံအများအပြားတွင်လည်း ဖေဖေါ်ဝါရီလအတွင်း စစ်ပွဲစတင်ခဲ့ချိန်နောက်ပိုင်း နေကြာဆီဝင်ရောက်မှု ကျဆင်းသွားခဲ့သည်။

မြူးနစ်မြို့တောင်ပိုင်းရှိ Giesinger Brewery ဘီယာဆိုင်မှ မန်နေဂျာများက ကြော်လှော်ချက်ပြုတ်ရန် နေကြာဆီပြတ်လပ်မှုကို ဖြေရှင်းနိုင်သည့် အဖြေရှိပြီဟု စဥ်းစားခဲ့မိကြပြီး ဘီယာချစ်သူများကို ဘီယာတစ်ပုလင်းအတွက် နေကြာဆီတစ်ပုလင်းပေးပြီး သောက်နိုင်ကြောင်း ကမ်းလှမ်းလိုက်ကြသည်။ 

"ဒါတွေအားလုံးက မီးဖိုချောင်ထဲ ဆီပြတ်လပ်တာကြောင့် ဖြစ်လာတာပဲဗျ။ ဒါကြောင့်ပဲ ကျွန်တော်တို့ ကြံရဖန်ရတော့တာပေါ့ဗျာ" ဟု ဘီယာဆိုင်မန်နေဂျာ အဲရစ်ခ်ဟော့ဖ်မန်းက Reuters TV ကို ပြောခဲ့သည်။

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့သည့်နောက်ပိုင်း ဂျာမနီရှိ စတိုးဆိုင်များတွင် နေကြာဆီများ မကြာခဏ ပြတ်လပ်နေခဲ့ပြီး ဆိုင်အများအပြားက ဝယ်ယူသူများကို ဆီပုလင်းအရေအတွက် ခွဲတမ်းဖြင့် ရောင်းချကြသည်။ 

"ဆီရဖို့က အရမ်းခက်တယ်။ တစ်ပတ်ကို လီတာ ၃၀ လိုအပ်ရင် ၁၅ လီတာပဲရတယ်။ တစ်ချိန်ချိန်မှာ ကြော်လို့ချက်လို့ ရမှာ မဟုတ်တော့ဘူး" ဟု ဟော့ဖ်မန်းက ပြောသည်။

၎င်းတို့ဆိုင်၏ ဘီယာအတွက် နေကြာဆီပေးနိုင်သည့် အစီအစဥ် စတင်ခဲ့ပြီးနောက် ယခုအချိန်အထိ ဖောက်သည်များက နေကြာဆီ လီတာ (၄၀၀) လဲလှယ်ခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။ 

ဂျာမနီတွင် ဘီယာတစ်လီတာလျှင် (၇) ယူရိုငွေ (မြန်မာကျပ်ငွေ ၁၃,၀၀၀ ကျော်) ဖြစ်ပြီး နေကြာဆီတစ်လီတာ လက်လီဈေးနှုန်းမှာ (၄.၅) ယူရိုငွေ (မြန်မာကျပ်ငွေ ၈,၃၀၀ ကျော်) ဖြစ်ရာ ဖောက်သည်အများအပြားကို ဆွဲဆောင်နိုင်နေသည်ဟု ဆိုသည်။

ဘီယာချစ်သူ ဂျာမန်သား Moritz Baller က ယူကရိန်းသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရန် သွားရောက်ခဲ့သည့် ခရီးစဥ်အတွင်း နေကြာဆီ လီတာ (၈၀) ဝယ်ယူခဲ့ပြီးနောက် ၎င်း၏မွေးနေ့ပါတီအတွက် ဘီယာ (၈) ကတ်နှင့် လဲလှယ်ခဲ့သည်။

 "ဒီအစီအစဥ်က မိုက်တယ်။ ကျွန်တော်တို့ ဈေးသက်သက်သာသာနဲ့ ဘီယာရနိုင်တယ်။ Giesinger Brewery ကိုလည်း ကူညီတာပေါ့လေ" ဟု ၎င်းက ပြောသည်။

 

Source: Reuters

Photo: REUTERS/Lukas Barth