အာဖရိကပြင်ပ ကမ္ဘာ့နိုင်ငံများတွင် မျောက်ကျောက်ကူးစက်ခံရသူ ၇၀၀ ကျော်အထိ တိုးလာ

အာဖရိကပြင်ပ ကမ္ဘာ့နိုင်ငံများတွင် မျောက်ကျောက်ကူးစက်ခံရသူ ၇၀၀ ကျော်အထိ တိုးလာ
By Mr John

အာဖရိကတိုက်ပြင်ပ ကမ္ဘာ့နိုင်ငံများတွင် မျောက်ကျောက်ရောဂါ (monkeypox) ကူးစက်ဖြစ်ပွားသူ (၇၀၀) ကျော် တွေ့ရှိထားကြောင်း အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန Centers for Disease Control and Prevention (CDC) က ၂၀၂၂ ခုနှစ် ဇွန်လ (၃) ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။



ယင်းတို့အနက် (၂၁)ဦးမှာ အမေရိကန်နိုင်ငံတွင်း ကူးစက်ခံထားရသူများဖြစ်သည်ဟု CDC က ဆိုသည်။



အမေရိကန်တွင် ပထမဆုံး တွေ့ရှိရသည့် မျောက်ကျောက်ရောဂါ ကူးစက်မှု (၁၇) ဦးအနက် (၁၆) ဦးမှာ လိင်တူဆက်ဆံသည့် အမျိုးသားများဖြစ်ကြပြီး  နောက်ထပ် ထပ်တိုးတွေ့ရသည့် (၁၄)ဦးမှာ ခရီးသွားလာမှုမှ ကူးစက်ခံခဲ့ရဖွယ်ရှိကြောင်း သိရသည်။

 အမေရိကန်တွင် မျောက်ကျောက်ရောဂါ လူနာအားလုံးမှာ သေဆုံးသူမရှိ ပြန်လည်ကျန်းမာလာပြီဖြစ်ကြောင်း သိရသည်။  



မျောက်ကျောက်ရောဂါ ကူးစက်ခံရပါက ကိုယ်ပူချိန်မြင့်တက်ခြင်း အပါအဝင် ကနဦးလက္ခဏာများ ဖြစ်ပေါ်လာပြီးနောက် အဖုအပိမ့်များ လျင်မြန်စွာ ထွက်ပေါ်လာကြောင်း သိရသည်။ 



ထိုရောဂါကူးစက်ခံရသူများ၏  လက်နှင့်မျက်နှာတွင် ရေကျောက်ကဲ့သို့ အဖုအပိမ့်များ ထွက်လာပြီး ရောဂါလက္ခဏာများမှာ များသောအားဖြင့် (၂) ပတ်မှ (၄) ပတ်အကြာတွင် ကင်းရှင်းသွားသည်ဟု သိရသည်။ 



အာဖရိကပြင်ပ နိုင်ငံများတွင် လက်ရှိဖြစ်ပွားနေသော monkeypox ခေါ် မျောက်ကျောက်ရောဂါဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ကြောင်းနှင့် ထိုဗိုင်းရပ်စ်မှာ မျိုးဗီဇပြောင်းလဲသော အထောက်အထားမရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က မေလ (၂၃) ရက်နေ့တွင် ပြောထားသည်။ 

မျောက်ကျောက်ရောဂါကို ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း အာဖရိကတိုက် အလယ်ပိုင်းရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ပထမဆုံး တွေ့ရှိခဲ့ရသည်။



ရေကျောက်နှင့်ဆင်တူပြီး မပြင်းထန်သည့် မျောက်ကျောက်ရောဂါ အစုလိုက်အပြုံလိုက် ကူးစက်ဖြစ်ပွားမှုများကို အာဖရိက အနောက်ပိုင်းနှင့် အလယ်ပိုင်းရှိ နိုင်ငံ (၁၁) ခုတွင် တွေ့ရှိထားသည်။ 



ထိုရောဂါဗိုင်းရပ်စ်မှာ ကူးစက်ခံထားရသည့် တိရိစ္ဆာန်တစ်ကောင် အကိုက်ခံရခြင်း သို့မဟုတ် ၎င်း၏သွေး၊ အသား သို့မဟုတ် ခန္ဓာကိုယ်တွင်းအရည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းဖြင့်ကူးစက်ပျံ့နှံ့ခြင်းဖြစ်ကြောင်း သိရသည်။



Source: AFP

..............