တပ်က အာဏာသိမ်းပြီး ဖွဲ့လိုက်သည့် ကောင်စီတွင် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌဟောင်း အဖွဲ့ဝင် ဖြစ်လာ

တပ်က အာဏာသိမ်းပြီး ဖွဲ့လိုက်သည့် ကောင်စီတွင် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌဟောင်း အဖွဲ့ဝင် ဖြစ်လာ
ဖေဖော်ဝါရီ 4, 2021 | နိုင်ငံရေး| ရှမ်းရှေ့
By Tachileik News Agency

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွဲ့စည်းလိုက်ပြီး ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ဥက္ကဌအဖြစ် တာဝန်ယူထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့တွင် အဖွဲ့ဝင် (၅)ဦးကို ဖေဖော်ဝါရီလ(၃)ရက်နေ့က ထပ်တိုးလိုက်ရာတွင် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌဟောင်းဖြစ်သူး ဦးစိုင်းလုံးဆိုင်လည်း ပါဝင်လာသည်။

 

ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌဟောင်းဖြစ်သူ  ဦးစိုင်းလုံးဆိုင်သည် ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရ၍ လွှတ်တော် ဥက္ကဌ ဖြစ်လာသူ ဖြစ်သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် ပြန်လည်ဝင်ရောက် ယှဉ်မပြိုင်တော့ကြောင်း သိရသည်။

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီး နောက်တစ်ရက်ဖြစ်သည့် ဖေဖေါ်ဝါရီလ (၂) ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းကိုယ်တိုင် ဥက္ကဌအဖြစ် တာဝန်ယူပြီး စစ်တပ်မှ (၈) ဦး၊ နိုင်ငံရေးပါတီမှ (၂) ဦးနှင့် ယခင် KNU မှ (၁)ဦး  စုစုပေါင်း (၁၁) ဦးပါဝင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်ပြီး နောက်တစ်နေ့တွင် ကောင်စီအဖွဲ့ဝင် (၅)ဦး ထပ်တိုးကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

 

ထပ်တိုးလိုက်သည့်အဖွဲ့ဝင် (၅) ဦးတွင် ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်နှင့် စောဒန်နီယယ်တို့ ပါဝင်သည်ကို တွေ့ရသည်။



ဦးစိုင်းလုံးဆိုင်သည် ပြည်သူ့ကောင်စီခေတ်ကာလက ကျိုင်းတုံမြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့တွင်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သလို ၂၀၁၀ ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော်တွင်လည်း ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရှိရသည်။



Tachileik News Agency