COVID-19 စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် မကွေးတိုင်းအတွင်း မျိုးထုတ်လုပ်မည့်စိုက်ဧကများအတွက် ငွေကြေးထောက်ပံ့မည်

COVID-19 စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် မကွေးတိုင်းအတွင်း မျိုးထုတ်လုပ်မည့်စိုက်ဧကများအတွက် ငွေကြေးထောက်ပံ့မည်
သြဂုတ် 4, 2020
By Tachileik News Agency
COVID-19 စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် မကွေးတိုင်းအတွင်း မျိုးထုတ်လုပ်မည့်စိုက်ဧကများအတွက် ငွေကြေးထောက်ပံ့မည်

COVID-19 စီးပွားရေး ကုစားမှုအစီအစဉ် CERP( Covid-19 Economic Relief Plan )ဖြင့် မကွေးတိုင်းဒေသကြီး၌ မျိုးထုတ်လုပ်မည့်စိုက်ဧကများအတွက် ထောက်ပံ့ငွေများကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့မှစ၍ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းစိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

မျိုးစေ့ထုတ်လုပ်မည့် မိုးစပါးစိုက်ဧက(၈၀၀၀) ကျော်အတွက် တစ်ဧကလျှင် ကျပ် (၁)သိန်းခွဲနီးပါးထောက်ပံ့မည်ဖြစ်သော်လည်း အထွက်ကောင်းမျိုးသန့် နှင့် အရည်အသွေးကောင်းမျိုးသန့်တို့တွင် ထောက်ပံ့သည့်ပမာဏ  အနည်းငယ်ကွာခြားမည်ဖြစ်ကြောင်း သိရသည်။

“ မှတ်ပုံတင် Register Seed တွေနဲ့ မျိုးစေ့ထုတ်ကြတဲ့အခါ စီးပွားဖြစ်ပြန်ဖြန့်နိုင်မယ့် Commercial Seed တွေ ထွက်လာပါမယ်။ ကိုဗစ်အလွန်မှာ တောင်သူလိုအပ်နေတဲ့ မျိုးကောင်းမျိုးသန့်တွေ တိုင်းဒေသကြီး အတွင်းမှာ ဖူဖူလုံလုံ ရရှိလာမှာပါ။ ဌာနကလည်း မျိးစေ့ထုတ်လုပ်ငန်းတွေမှာ နည်းပညာပေးတာကို ကွင်း ဆင်းဆောင်ရွက်နေပါတယ်။ မျိုးစေ့ထုတ်လုပ်ငန်းတွေ ဆောင်ရွက်တာကလည်း မျိုးစေ့ထုတ်သမဝါယမ အသင်း ၊ မျိုးစေ့ထုတ်တောင်သူအသင်းတွေ အင်အားကောင်းလာဖို့ပါ။ အခု ထောက်ပံ့ပေးမှာက မိုးစပါး စိုက်ဧက(၈၀၅၀)အတွက် ထောက်ပံ့ပေးသွားမှာပါ ”ဟု မကွေးတိုင်းစိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလင်းမြတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မျိုးစပါးထုတ်လုပ်မှုအတွက် ထောက်ပံ့ခြင်းကို မျိုးနှင့် စိုက်စရိတ်၊ မျိုးကွဲပယ်သောလုပ်ငန်းနှင့် ရိတ်သိမ်းလုပ်ငန်းများအတွက် (၃)ပိုင်းခွဲ၍ ပံ့ပိုးမည်ဖြစ်၍ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့အတွင်း ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

COVID-19 ကြောင့် တောင်သူများ ထိခိုက်နစ်နာမှု မရှိစေရန် ၊ စီးပွားရေးပြန်လည်ဖွံ့ဖြိုးလာစေရန် နှင့် အဓိက စားသောက်ကုန် စပါးအထွက်နှုန်းများ တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်က ထောက်ပံ့ခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်း မိုးစပါးစိုက်ဧက (၆)သိန်း (၃) သောင်းခန့် လျာထားစိုက်ပျိုးသည့်အနက် မျိုးသန့်စပါးထုတ်လုပ်ရေးအတွက်ကိုသာ ထောက်ပံ့မည်ဖြစ်သည်။

Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-စိုက်ပျိုးရေးဌာန


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~