မြန်မာနိုင်ငံအတွင်း ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် မြို့နယ်(၂၃၄)မြို့နယ်အတွင်း နိုဝင်ဘာလ (၂၆)ရက်နေ့မှ နိုဝင်ဘာလ(၂၈)ရက်နေ့အထိ အပိုဆောင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေးထိုးနှံရန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် မိုင်းဖြတ်မြို့နယ်နှင့် မိုင်းယန်းမြို့နယ်သာ ကျန်ရှိကြောင်း သိရသည်။
“ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသမှာ ကျန်တဲ့မြို့နယ်တွေက ပြီးသွားပြီ။ တာချီလိတ်ခရိုင်မှာဆို မိုင်းဖြတ်နဲ့ ကျိုင်းတုံခရိုင်မှာ မိုင်းယန်း ကျန်နေသေးတာ။ ဆေးထိုးမှာတွေကိုတော့ သက်ဆိုင်ရာမြို့နယ်အလိုက် စီမံဆောင်ရွက်ကြတာ ဖြစ်ပါတယ်”ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျန်ရှိနေသးသည့် မြို့နယ်ပေါင်း (၂၃၄)မြို့နယ်အတွင်းရှိ အသက်(၉)လမှ အသက်(၅)နှစ်ခွဲ ကလေးများအနေဖြင့် ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေး ထိုးဖူးသည်ဖြစ်စေ၊ မထိုးဖူးသည် ဖြစ်စေ ရပ်ကွက်/ကျေးရွာရှိ ကာကွယ်ဆေးထိုးစုရပ်များတွင် သွားရောက်ကာ အပိုဆောင်းထိုးနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးက အသိပေးထားရှိသည်။
ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် မြို့နယ်များမှာ နေပြည်တော် နှင့် ရန်ကုန်တိုင်းဒေကြီးတို့ရှိ မြို့နယ်များ အားလုံးကျန်ရှိပြီး ကချင်ပြည်နယ်တွင် မချမ်းဘောတစ်မြို့သာ ကျန်ရှိကြောင်း နှင့် အခြား တိုင်းနှင့် ပြည်နယ်များမှ ကျန်ရှိသည့် မြို့များ အပါအဝင် စုစုပေါင်း (၂၃၄)မြို့နယ် ကျန်ရှိနေသေး၍ ၂၀၁၉ခုနှစ် နိုဝင်ဘာလ (၂၆)ရက်နေ့မှ နိုဝင်ဘာလ(၂၈)ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပေးသွားမည် ဖြစ်သည်။
Tachileik News Agency