မြန်မာနိုင်ငံအတွင်း ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးရောင်းချသည့် ကုန်ပစ္စည်းများတွင် အချက်အလက်များကို မြန်မာဘာသာဖြင့် မဖြစ်မနေ ထည့်သွင်းဖေါ်ပြမှသာ ဈေးကွက်အတွင်း ရောင်းချခွင့်ပေးခြင်းကို ၂၀၂၀ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့မှစ၍ ကျင့်သုံးတော့မည်ဖြစ်သည်။
"မြန်မာနိုင်ငံအတွင်းမှာ ကုန်သွယ်၊ ရောင်းဝယ်တဲ့ ကုန်ပစ္စည်းတွေအားလုံး အကျုံးဝင်ပါတယ်။ တစ်ခုရှိတာက ဥပမာ တာချီလိတ်ဆိုပါတော့ သွင်းကုန်တွေ သွင်းမယ်ဆိုလို့ရှိရင် တစ်ဖက်နိုင်ငံမှာ မြန်မာဘာသာနဲ့ ရေးသားဖို့ အခက်အခဲရှိတယ်ဆိုရင် သိုလှောင်ရုံတွေမှာ သူတို့ပြန်ပြီး ရိုက်နှိပ်ရမှာပေါ့။ သူတို့ရဲ့သိုလှောင်ရုံတွေမှာ အပြီးအစီး ဆောင်ရွက်ပြီးမှ ဈေးကွက်ထဲဖြန့်ဖြူးခွင့်ပြုမှာ ဖြစ်ပါတယ်"ဟု ရှမ်းပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြန်မာနိုင်ငံအတွင်း ကုန်ပစ္စည်း ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်းနှင့် လက်လီရောင်းချခြင်းများ အတွက် အဆိုပါ ကုန်ပစ္စည်းများ၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်၊ ကြိုတင်သတိပေးချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။
၂၀၂၀ ခုနှစ် မတ်လ (၁၆) ရက်တွင် စတင် ကျင့်သုံးမည့် စားသုံးသူကာကွယ်ရေးဥပဒေအရ ယင်းအချက်များကို လိုက်နာခြင်း မရှိပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း (၁၀၀) ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ အဆိုပါပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို (၂)နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း (၂၀၀) ထက်မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်မည်ဖြစ်သည်။
"လုပ်ငန်းရှင်တွေက ကိုယ့်အမျိုးသား အကျိုးစီးပွားဆိုတာကို ထည့်တွက်စေချင်ပါတယ်။ ဥပမာ ဟိုတယ်လိုဟာမျိုး သွားတည်းရင်တောင်မှ မျက်နှာလိမ်းရမှာလား၊ ခန္ဓာကိုယ်လိမ်းရမှာလား၊ ခေါင်းလိမ်းရမှာလား မသိတဲ့ ဟာတွေ အများကြီးရှိတယ်။ ဈေးကွက်ထဲမှာလည်း ဒီလိုဟာတွေ အများကြီးရှိတယ်။ ထိုင်းနိုင်ငံက စတိုးဆိုင်တွေသွားရင် ထိုင်းဘာသာပြန်ထားတာ တွေ့ရမှာပါ။ တရုတ်နိုင်ငံမှာလည်း တရုတ်ဘာသာနဲ့ပဲ တွေ့ရမှာပါ။ မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေကလည်း ဒါသည် နိုင်ငံသူ၊ နိုင်ငံသားများအတွက် ကောင်းသောရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာဖြစ်တဲ့အတွက် လိုက်နာစေချင်ပါတယ်"ဟု ရှမ်းပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။
မြန်မာနိုင်ငံအတွင်း ဖြန့်ဖြူးရောင်းချမည့် အစားအသောက်၊ အိမ်သုံးပစ္စည်း၊ ကလေးအသုံးအဆောင်ပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ ဆေးဝါးနှင့်ဖြည့်စွက်စာများ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများကို ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချရာ၌ မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့် အချက်များကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ အသေးစိတ်ထုတ်ပြန်ထားပြီး ဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်