တရုတ်ခရီးသွားများကို မြန်မာနိုင်ငံက ဆိုက်ရောက်ဗီဇာ ယာယီရပ်ဆိုင်း
တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် စတင်ခဲ့သည့် ဝူဟန်အဆုတ်ရောင်ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်) ကူးစက်ပျံ့နှံ့မှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( WHO )က ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေကြေညာထားပြီးနောက် မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံသားများအား ဆိုက်ရောက်ဗီဇာ ထုတ်ပေးနေခြင်းကို ယာယီရပ်ဆိုင်းလိုက်ကြောင်း ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အထူးစိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိလာနေရာ နိုင်ငံတွင်း ကူးစက်ရောဂါကို ကာကွယ်ထိန်းချုပ်ရန်အတွက် တရုတ်နိုင်ငံမှ လာရောက်မည့် ကမ္ဘာလှည့်ခရီးသွားများအား ဆိုက်ရောက်ဗီဇာထုတ်ပေးခြင်းကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လာသည်။
တရုတ်နိုင်ငံ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ဖြစ်ပွားခဲ့သည့် ကော်ရိုနာဗိုင်းရပ်စ်ကြောင့် အဆုတ်ရောင်ရောဂါ ကူးစက်ပြန့်ပွားမှုမှာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပြီး မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုရန်နှင့် ကာကွယ်ကုသထိန်းချုပ်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ကြရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ ဟောင်ကောင်နှင့် မကာအိုအထူးအုပ်ချုပ်ရေးဒေသမှ ကမ္ဘာလှည့် ခရီးသည်များအတွက် အလည်အပတ်အတွက် ဗီဇာကင်းလွတ်ခွင့်နှင့် တရုတ်နိုင်ငံသားများကို လေကြောင်းဖြင့် လာရောက်ပါက ကမ္ဘာလှည့်ဗီဇာကို ဆိုက်ရောက် ဗီဇာ စမ်းသပ်ထုတ်ပေးခြင်းအား ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှစ၍ စမ်းသပ်ကာလ (၁)နှစ် ခွင့်ပြုခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့အထိ တစ်နှစ်ထပ်တိုးအဖြစ် ခွင့်ပြုထားခဲ့ခြင်းဖြစ်သည်။