မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်အတွင်းရှိ တည်းခိုခန်းတစ်ခုတွင် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းဖမ်းဆီးရာမှ ကားနှင့်ဆိုင်ကယ်တို့ဖြင့် ဝင်ရောက်လာသူ အမျိုးသား (၃)ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ ၂၀၂၀ခုနှစ် ဩဂုတ်လ(၂)ရက်နေ့ ည(၇)နာရီ (၄၅)မိနစ်ဝန်းကျင်အချိန်က တည်းခိုခန်းတစ်ခု၏ ကားပါကင်အနီးတွင် စောင့်ဆိုင်းနေကြစဉ် အားတုန် မောင်းနှင်ပြီး အားဝေ လိုက်ပါလာသည့် မော်တော်ကား နှင့် ယားပါ(ခ)ကျက မောင်းလာသည့် ဆိုင်ကယ်တို့သည် တည်းခိုးခန်းသို့ ဝင်လာရာ ပူးပေါင်းအဖွဲ့က ထိန်းသိမ်းနိုင်လိုက်ကြောင်း သိရသည်။
ဆက်လက်၍ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများပြုလုပ်ရာက မော်တော်ယာဉ်၏ အနောက်ခန်း ထိုင်ခုံပေါ်ရှိ ဆာလာအိတ်(၂)အိတ်အတွင်းထဲက မက်သာအက်ဖီတမင်း(အိုက်စ်) စုစုပေါင်း ကီလို(၃၀)ကို တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။
မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသည့် အဆိုပါ (၃)ဦးအား စစ်ဆေးမေးမြန်းရာက ငှားရမ်းနေထိုင်သည့် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း၊ ပါလျှံ(၂)ရှိ နေအိမ်အခန်းငှားသို့ သွားရောက်ရှာဖွေရာက မက်သာအက်ဖီတမင်း(အိုက်စ်) စုစုပေါင်း (၉၀၀)ဂရမ်ခန့်အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိ၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ၎င်းတို့ (၃)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
Tachileik News Agency