လမ်းလျှောက်လာတဲ့ အမျိုးသမီးတစ်ဦးထံက ပိုက်ဆံအိတ်  လုယက်မှု ကျိုင်းတုံမြို့တွင် ဖြစ်ပွား

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ခိုး ဆိုး လုယက်မှုတွေ နေ့စဉ်နီးပါး ဖြစ်ပွါးလာနေတဲ့ ကျိုင်းတုံမြို့မှာ ဒီနေ့ ၂၀၂၄ ခုနှစ် မေလ(၂၄)ရက်နေ့ နံနက်(၆)နာရီ (၄၅) မိနစ်အချိန်က လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။

အွန်လိုင်းပေါ်ကနေ ပြည်သူအချင်းချင်း သတိထားနိုင်အောင်လို့ မျှဝေထားကြတဲ့ CCTV မှတ်တမ်းထဲမှာတော့ လမ်းလျှောက်လာတဲ့ အမျိုးသမီးတစ်ဦး ဘေးတစောင်းလွယ်ထားတဲ့ အိတ်ကို ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦးက ဆိုင်ကယ်ပေါ်ကနေ လုယက်   ဆွဲယူသွားတာကို တွေ့ရပါတယ်။

ဒီဖြစ်စဉ်မှာ လုယက်တဲ့ ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးဟာ ဆိုင်ကယ်နဲ့အတူ လဲကျသွားပေမဲ့ အလျင်အမြန်မောင်းပြေးသွားတာကို တွေ့ရပါတယ်။

အခုလိုပဲ မေလ(၂၃)ရက်နေ့ ညနေပိုင်းကလည်း ကျိုင်းတုံမြို့ရှောင်လမ်းဘက်မှာ ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသားတစ်ဦးကို လူ(၂)ဦးက လမ်းမေးသလို ဟန်ဆောင်ကာ ဓါးနဲ့ထိုးပြီး ဆိုင်ကယ် လုယက်သွားတဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

တြိဂံဒေသတိုင်းစစ်ဌာနချုပ် တည်ရှိရာ ကျိုင်းတုံမြို့မှာ အခုဆိုရင် နေ့ရော ညပါ ခိုးဆိုးလုယက်မှုတွေ အတင့်ရဲနေတဲ့အတွက် အကူအညီမဲ့နေတဲ့ ဒေသခံတွေဟာ ဒေသခံအချင်းချင်း ဘေးကင်းရေးအတွက် အွန်လိုင်းပေါ်ကနေ အပြန်အလှန် သတိပေးနေကြရတာကို တွေ့နေရပါတယ်။