ထိုင်းနိုင်ငံတွင် မူလတန်းအရွယ် ကလေးငယ် (၉၂,၀၀၀) ကျော်မှာ မူးယစ်ဆေးဝါးနှင့် ထိတွေ့နိုင်ခြေရှိပြီး အထူးသဖြင့် မူးယစ်ဆေးဝါးသုံးစွဲသည့် ဆင်းရဲသော မိဘများထံတွင် ကြီးပြင်းလာသော ကလေးငယ်များဖြစ်ကြောင်း Mahidol တက္ကသိုလ်၏ National Institute for Child and Family Development (NICFD) ၏ သုတေသနအရ သိရှိရသည်။
ဘန်ကောက်မြို့၏ ဆင်းရဲသားရပ်ကွက်တွင် နေထိုင်ပြီး အနည်းဆုံး အသက် (၆) နှစ်အထိအရွယ် ကလေးတစ်ဦးရှိသည့် မိသားစု (၁,၃၀၉)ကို NICFD က သုတေသနပြု လေ့လာခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လေ့လာမှုအရ (၆) ရာခိုင်နှုန်း သို့မဟုတ် မိသားစု (၈၃)ခု၏ မိဘများ သို့မဟုတ် အုပ်ထိန်းသူများမှာ မူးယစ်ဆေးစွဲသည့် ရာဇဝင်ရှိကြသည်ကို တွေ့ရကြောင်း NICFD အထွေထွေညွှန်ကြားရေးမှူး ဒေါက်တာ Adisak Plitapolkarnpim က ၂၀၂၃ခုနှစ် မေလ၏ တတိယပတ်အတွင်းက ပြောသည်။
လေ့လာမှုစစ်တမ်း ရလဒ်အရ ကလေးမရှိသော သို့မဟုတ် မူလတန်းအရွယ် ကလေးငယ်မရှိသော ဆင်းရဲနွမ်းပါးသည့် မိသားစု အနည်းဆုံး (၁၅၄,၈၀၀) ခုတွင် မူးယစ်ဆေးစွဲဖူးသူ မိဘများ သို့မဟုတ် အုပ်ထိန်းသူများရှိနိုင်ကြောင်း တွေ့ရသည်။
ထိုအိမ်ထောင်စုများတွင် မူလတန်းကျောင်းနေအရွယ် ကလေးငယ် (၉၂,၈၈၀) ရှိမည်ဟု ခန့်မှန်းထားသည်။
NICFD က လေ့လာမှုအတွက် ဆင်းရဲနွမ်းပါးသည့် မိသားစုများအဖြစ် သတ်မှတ်ရာတွင် ၎င်းတို့၏ ကလေးများ မွေးဖွားခဲ့ပြီးနောက် တစ်လလျှင် ထောက်ပံ့ငွေ ဘတ် (၆၀၀) ကို (၆) နှစ်ကြာ လက်ခံရရှိသည့် မိသားစုများကို စာရင်းထည့်သွင်းခဲ့သည်။
လေ့လာမှုအရ ဆင်းရဲနွမ်းပါးသည့် မိသားစုများမှ ကလေးငယ်များမှာ မူးယစ်ဆေးဝါးနှင့် ထိတွေ့နိုင်ခြေနှင့် မူးယစ်ဆေးစွဲနိုင်ခြေ အနည်းဆုံး (၂.၄) ဆ ပိုများကြောင်းနှင့် ထိုမိသားစုများ၏ မိဘများအနက် (၆၀) ရာခိုင်နှုန်းက ၎င်းတို့၏ ကလေးများကို အကြမ်းဖက်မှုသုံး၍ ပြုစုပျိုးထောင်လေ့ရှိကြောင်း တွေ့ရသည်။
Soruce: Bangkok Post