KNU ၏ နယ်မြေတွင် ဖေဖော်ဝါရီလ၏ တစ်လတာအတွင်း တိုက်ပွဲပေါင်း (၄၁၈)ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က (၄၀၀)ကျော် သေဆုံး

  Photo: KNU
  Photo: KNU
KNU ၏ နယ်မြေတွင် ဖေဖော်ဝါရီလ၏ တစ်လတာအတွင်း တိုက်ပွဲပေါင်း (၄၁၈)ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က (၄၀၀)ကျော် သေဆုံး
မတ် 11, 2023

 

ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေ၌ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပူးပေါင်း  နယ်ခြားစောင့်(BGF)တပ်အဖွဲ့ နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့(KND)တို့  ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီအတွင်း တိုက်ပွဲပေါင်း (၄၁၈)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၃၈၆)ဦးသေကြောင်း KNU ‌ဗဟိုက ယနေ့ မတ်လ (၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တိုက်ပွဲများအတွင်း K.N.L.A နှင့် K.N.D.O တပ်ဖွဲ့များဘက်မှ ရဲဘော် (၂)ဦးကျဆုံးခဲ့ရပြီး (၂၇)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ကျေးရွာများအတွင်းနှင့် လုပ်ငန်းခွင်များအတွင်းသို့ လေကြောင်းဖြင့် (၂၁)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့် (၇၆) ကြိမ်၊ လက်နက်ကြီးအလုံးရေ (၃၅၁)လုံး ထက်မနည်းပ စ်ခတ်ခဲ့သည်ဟု သိရသည်။

ဒေသခံများရှိရာ နေရာကို ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ် (၄၄) လုံး၊ Junior Collage (၁)ကျောင်း၊ ဘုန်းကြီးကျောင်း (၂) ကျောင်း၊ ခရစ္စယာန်ဘုရားကျောင်း (၂)ကျောင်း၊ ဆေးပေးခန်း (၂)လုံး၊ ပြည်သူပိုင်အဆောက်အဦး (၂၅)လုံးတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဒါ့အပြင် ဒေသခံများ၏ နေအိမ်(၂၁)လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ (၇)ဦးကို ဖမ်းဆီးခဲ့ပြီးနောက် (၆)ဦးအား တရားစွဲဆိုကာ ထောင် (၆)လချခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လမ်းများတွင် မိုင်းထောင်ခြင်းနှင့် ပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံ(၁၁)ဦးသေဆုံးခဲ့ရပြီး ဦးဇင်း(၃)ပါး ကိုရင်(၂)ပါး အပါအဝင် (၄၁) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။