အင်ဒိုနီးရှားတွင် ဖြစ်ပွားခဲ့သည့် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသွားသည့် လူ(၂၆၀)ကျော်တွင်  ကလေးငယ်အများအပြား ပါဝင်

အင်ဒိုနီးရှားတွင် ဖြစ်ပွားခဲ့သည့် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသွားသည့် လူ(၂၆၀)ကျော်တွင်  ကလေးငယ်အများအပြား ပါဝင်
နိုဝင်ဘာ 23, 2022 | နိုင်ငံတကာသတင်း
By Mr John

 အင်ဒိုနီးရှားနိုင်ငံတွင် နိုဝင်ဘာလ (၂၁) ရက်နေ့က ဖြစ်ပွားခဲ့သည့် ရစ်ချ်တာစကေး (၅.၆) ရှိ ငလျင်လှုပ်မှုကြောင့် သေဆုံးသူအရေအတွက် (၂၆၈) ဦးအထိ မြင့်တက်လာကြောင်း ခရိုင်အစိုးရက ဆိုရှယ်မီဒီယာပို့စ်တွင် ပြောထားပြီး သေဆုံးသူများအနက် ကလေးအများအပြား ပါဝင်ကြောင်း သိရသည်။ 

ငလျင်လှုပ်မှုကြောင့် ၎င်းတို့၏ စာသင်ကျောင်း ပြိုကျမှုအတွင်း ကလေးအများအပြား သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အစိုးရအရာရှိများက နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ပြောသည်။

ငလျင်ကြောင့် ပြိုကျသွားသော အဆောက်အအုံ အပျက်အစီးများအောက်တွင် ပိတ်မိနေသူများကို ကယ်ထုတ်ရန် ကယ်ဆယ်ရေးအဖွဲ့များက အချိန်လု ကြိုးပမ်းလုပ်ဆောင်နေကြသည်။ 

ဂျကာတာမြို့တော်၏ အရှေ့တောင်ဘက် (၄၆) မိုင်ကျော်အကွာ အနောက်ဂျာဗားပြည်နယ် Cianjur မြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူရာနှင့်ချီ ဒဏ်ရာရခဲ့ပြီး သေဆုံးသူဦးရေ မြင့်တက်လာနိုင်ကြောင်း အစိုးရအရာရှိများက ခန့်မှန်းထားသည်။

ငလျင်ကြောင့် Cianjur မြို့တွင် သိသိသာသာ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး မြေပြိုမှုအတွင်း အနည်းဆုံး ကျေးရွာတစ်ရွာ နစ်မြုပ်သွားခဲ့သည်။ 

မြေပြိုမှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် ငလျင်ဒဏ်သင့် နေရာများတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ရာ၌ အခက်အခဲကြုံရကြောင်း National Search and Rescue Agency (Basarnas) အကြီးအကဲ Henri Alfiandi က ဆိုသည်။

ငလျင်ကြောင့် နေအိမ် (၂,၂၀၀) ကျော် ပျက်စီးခဲ့ပြီး Cianjur မြို့တွင် လူဦးရေ (၁၃,၀၀၀) ကျော် နေအိမ်စွန့်ခွာခဲ့ကြရကြောင်း BNPB ပြောခွင့်ရပုဂ္ဂိုလ် Abdul Muhari က ကနဦးတွင် ပြောခဲ့သည်။ 

အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့ကျောက်ဖျာချပ်ကြီးများ ဆုံတွေ့ကြပြီး ငလျင်လှုပ်မှုနှင့် မီးတောင်ပေါက်ကွဲမှုများ အဖြစ်များသည့် ပစိဖိတ်မီးကွင်း (Pacific Ring of Fire) ခေါ် နေရာတွင် တည်ရှိနေသည်။

၂၀၀၄ ခုနှစ်က အင်ဒိုနီးနီးရှားမြောက်ပိုင်း ဆူမာတြားကျွန်း ကမ်းလွန်းတွင် ရစ်ချ်တာစကေး (၉.၁) ရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ရာ နိုင်ငံ (၁၄) ခု၌ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့ပြီး ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက်တွင် လူ (၂၂၆,၀၀၀) ကျော် သေဆုံးခဲ့ပြီး ထက်ဝက်ကျော်မှာ အင်ဒိုနီးရှားတွင်ဖြစ်ကြောင်း သိရသည်။

Source: Reuters, BBC

Photo: Antara Foto/Yulius Satria Wijaya, REUTERS/Ajeng Dinar Ulfiana,