၈၈၈၈ အရေးတော်ပုံ နှစ်ပတ်လည်နေ့ (၃၃) နှစ်မြောက်ဖြစ်သည့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာပေးပို့ထားသည်။
“၁၉၈၈ ခုနှစ်က မွေးဖွားပေးလိုက်သော ခိုင်မာသည့်စိတ်ဓါတ်များကိုအရင်းတည်၍ ယခု ၂၀၂၁ နွေဦးတော်လှန် ရေးကို နိုင်ကိုနိုင်မှဖြစ်မည်ဟူသော တူညီသည့်သဘောထားများဖြင့် အားကုန်ရုန်းကန်ချီတက်နေသော မြန်မာပြည်သူလူထု တစ်ဦးတစ်ယောက်ချင်းစီအားလည်းကောင်း၊ ပြည်ပနိုင်ငံရောက် ဒီမိုကရေစီကို ချစ်မြတ်နိုးသော မြန်မာပြည်သူများ အားလည်းကောင်း၊ ဒီမိုကရေစီကိုထောက်ခံ အားပေးကြသော နိုင်ငံအသီးသီးမှမိတ်ဆွေများအားလည်းကောင်း လေးစားဦးညွတ်ဂုဏ်ပြုလျက် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့်လည်း ဤတော်လှန်ရေးတွင် ပြည်သူများနှင့် အတူ နေ့ညမပြတ်ကြိုးစားအားထုတ်ရင်း စစ်အာဏာရှင်များကို အမြစ်ပြတ်တိုက်ထုတ်သွားမည်ဟု ၈လေးလုံး အရေးတော်ပုံကြီးနှင့် အာဏာရှင်တော်လှန်ရေး အရေးတော်ပုံအဆက်ဆက်တို့တွင် အသက်သွေးချွေး ရင်းနှီးပေးဆပ် ခဲ့ကြသော အာဇာနည်သူရဲကောင်းများအားလုံးကိုတိုင်တည်လျက် ကတိသစ္စာပြုပါကြောင်း သဝဏ်လွှာ ပေးပို့အပ်ပါသည်။” ဟု သဝဏ်လွှာတွင် ဖေါ်ပြထားသည်။
မြန်မာပြည်သူလူထုသည် ၁၉၆၂ ဆဲဗင်းဇူလိုင်တိုက်ပွဲ၊ ၁၉၇၄ ဦးသန့်အရေးအခင်း၊ ၁၉၇၅ အလုပ်သမား နှစ်ပတ်လည်အရေးအခင်း၊ ၁၉၇၆ မှိုင်းရာပြည့် တိုက်ပွဲ၊ ၁၉၈၈ (၈၈၈၈)အရေးတော်ပုံ၊ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှု၊ ၂၀၀၇ရွှေဝါရောင်တော်လှန်ရေးစသဖြင့် တစ်ပါတီအာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ် စသည့်အာဏာရှင်စနစ်များကို ခေတ်အဆက်ဆက် တစိုက်မတ်မတ် ဆန့်ကျင်လာခဲ့ကြခြင်းဖြစ်သည်။