NLD အစိုးရလက်ထက်က ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက်သို့ ပြောင်းရွှေ့ထားသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အာဏာသိမ်းစစ်ကောင်စီက ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်သို့ ပြန်ပြောင်းရွေ့လိုက်ကြောင်း ၂၀၂၁ခုနှစ် မေလ(၅)ရက်နေ့ ညပိုင်းက ကြေညာသည်။
ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်တွင်ရှိခဲ့သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်တာများကို အဆင့်မြင့်တင်ရန်၊ လာဘ်ပေး လာဘ်ယူလျော့နည်း ပပျောက်ရေး နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက တိုက်ရိုက်ကိုင်တွယ်နိုင်ရန်အတွက် NLD အစိုးရလက်ထက် ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့က ပြောင်းရွေ့ခဲ့ခြင်းဖြစ်သည်။
ပြည်သူ့အစိုးရလက်ထက်က ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့၏ ပြည်ထောင်စုဝန်ကြီးများမှာ အရပ်သားများမဟုတ်ဘဲ စစ်တပ်က ဖြစ်၍ အဆိုပါ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနများကို ကိုင်တွယ်ရာမှာ ထိရောက်မှု အားနည်းသည့်အတွက် အဓိက ဌာနတစ်ခုဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အရပ်သားအုပ်ချုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနလက်အောက်သို့ NLD အစိုးရက ပြောင်းရွှေ့ခဲ့ပြီးနောက် ထွေအုပ်ဝန်ထမ်းများနှင့် ပတ်သက်၍ လာဘ်ပေးလာဘ်ယူမှု သိသိသာသာ လျော့နည်းသွားစေခဲ့သည်။
နိုင်ငံ့အာဏာကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့က စ၍ စစ်တပ်က မတရားသိမ်းလိုက်ပြီးနောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနလက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်သို့ ပြန်လည်ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလက်အောက်ရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်အုပ်ချုပ်ရေးမှူးများ၊ ဒုပြည်နယ်အုပ်ချုပ်ရေးမှူးများ နှင့် ခရိုင်အုပ်ချုပ်ရေးမှူး အများစုမှာ စစ်တပ်က အသွင်ပြောင်းရောက်ရှိလာသူများဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး အများစုမှာ ထွေအုပ်ဝန်ထမ်းစစ်စစ်ကနေ အဆင့်ဆင့် ရာထူးတိုးမြှင့်လာသူများ ဖြစ်ကြောင်း သိရသည်။