မြန်မာပြည်သူများအား လုံခြုံရေးအကာအကွယ်ပေးရန် HWPL အဖွဲ့ သဘောထားထုတ်ပြန်တောင်းဆို

မြန်မာပြည်သူများအား လုံခြုံရေးအကာအကွယ်ပေးရန် HWPL အဖွဲ့ သဘောထားထုတ်ပြန်တောင်းဆို
ဧပြီ 9, 2021

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်တပ်က နှိမ်နှင်းမှုကြောင့် ပြည်သူရာနှင့်ချီ၍ သေဆုံးရမှု၊ လူ့အခွင့်အရေးချိုးဖေါက်ခံရမှုများနှင့်ပတ်သက်၍ UN နှင့် နိုင်ငံတကာအနေဖြင့် လုံခြုံရေးအကာအကွယ်ပေးရန် တောင်းဆိုပါသည်ဟု HWPL (Heavenly Culture, World Peace, Restoration of Light) ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။



"ဘယ်လိုအကြောင်းအမျိုးမျိုးကြောင့် အသက်သေဆုံးခြင်း မဖြစ်သင့်ပါဘူး။ ဘယ်လိုခံယူချက်ကွဲပြားခြင်းကြောင့် အသက်သေဆုံးခြင်း၊ ကိုယ်ထိလက်ရောက်နှိမ်နှင်းမှုတွေကို ခွင့်လွှတ်နိုင်မှာ မဟုတ်ကြောင်း၊ အဖွဲ့အစည်းတစ်ခုရဲ့ အကျိုးအမြတ်အတွက် လူသားတွေရဲ့အသက်ကို ပေးဆပ်နေရတာဟာ အင်မတန်မှ စက်ဆုပ်ဖွယ်ရာဖြစ်ပါတယ်"ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။



စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် အာဏာသိမ်းပြီးနောက် စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်သူများအား စစ်တပ်နှင့်ရဲတပ်ဖွဲ့ကိုသုံး၍ အကြမ်းဖက်ဖြိုခွင်းနှိမ်နှင်းမှုများကြောင့် ဧပြီလ (၈) ရက်နေ့အထိ ကျဆုံးရသည့် ပြည်သူ (၆၀၀) ကျော်ရှိနေပြီဖြစ်သည်။



ပြည်သူများအား အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းနေခြင်းအား ရပ်တန့်ရန် နိုင်ငံတကာအစိုးရအဖွဲ့အစည်းများ၊ ကုလအဖွဲ့အစည်းများအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက တောင်းဆိုနေသော်လည်း အာဏာသိမ်းပြီး နှစ်လကျော်ကြာသည်အထိ အာဏာသိမ်းစစ်တပ်က ပြည်သူအား လက်နက်ဖြင့်ပစ်ခတ်နှိမ်နှင်းခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းများအား လုပ်ဆောင်နေဆဲဖြစ်သည်။