အသရေဖျက်မှုဖြင့် တရားစွဲခံထားရသည့် မကွေးမြို့မှအယ်ဒီတာအဖွဲ့အား မြန်မာသတင်းစာဆရာအသင်း ကူညီမည်

အသရေဖျက်မှုဖြင့် တရားစွဲခံထားရသည့် မကွေးမြို့မှအယ်ဒီတာအဖွဲ့အား မြန်မာသတင်းစာဆရာအသင်း ကူညီမည်
နိုဝင်ဘာ 16, 2016
By Tachileik News Agency

Tachileik News Agency
မကွေးမြို့၌အခြေစိုက်ထုတ်ဝေနေသည့် MGY သတင်းနှင့် ရသစုံဂျာနယ်၏ ဖေါ်ပြထားမှုနှင့်ပတ်သက်၍ အသရေဖျက်မှုဖြင့် လားရှိုးမြို့နယ်တရားရုံးတွင် တရားစွဲဆိုခံထားရသည့် အယ်ဒီတာအဖွဲ့ဝင်လေးဦးအား မြန်မာသတင်းစာဆရာအသင်းအနေဖြင့် ကူညီဆောင်ရွက်ပေးသွားရန် စီစဉ်နေကြောင်း သိရသည်။
 “ကျွန်တော်တို့ မြန်မာနိုင်ငံသတင်းစာဆရာအသင်းရဲ့အဖွဲ့ဝင်လည်းဖြစ်တော့ ကျွန်တော်တို့အနေနဲ့ အသင်းဝင်တွေကို လူမှုရေးအရ ကူညီရမယ်ဆိုတာလည်း ရှိပါတယ်။ နောက် အသင်းမှာလည်း ရည်ရွယ်ချက်ရှိတယ်။ သတင်းသမားများရဲ့ လွတ်လပ်စွာလုပ်ကိုင်ခွင့်အား အကာအကွယ်ပေးရေးဆိုတာ ပါတယ်။ နောက် လူမှုရေးရှုထောင့်ကနေ ဖြစ်လာတဲ့ပြဿနာတွေကို ကူညီပေးရေးဆိုတာရှိတယ်။ ဒါကြောင့် သတင်းစာဆရာအသင်းအနေနဲ့ တရားစွဲဆိုထားတဲ့ဘက်ကို ချဉ်းကပ်ပြီးဆောင်ရွက်နေတယ်”ဟု မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၏ အထွေထွေအတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောသည်။
မကွေးမြို့မှ MGYဂျာနယ်အယ်ဒီတာအဖွဲ့လေးဦးကို လားရှိုးမြို့နယ်တရားရုံးက နိုဝင်ဘာလ (၁၇) ရက်တွင် တရားရင်ဆိုင်ရန်ဆင့်ခေါ်ထားခြင်းဖြစ်သည်။
မြန်မာမီဒီယာအဖွဲ့အစည်းတစ်ခုဖြစ်သည့် မြန်မာသတင်းမီဒီယာကောင်စီ အနေဖြင့်လည်း အဆိုပါကိစ္စနှင့် ပတ်သက်၍ အစည်းအဝေးဆုံးဖြတ်ချက်များအရ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာသတင်းမီဒီယာကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဦးသီဟစောထံမှ သိရသည်။
MGY အနေဖြင့် အဆိုပါပြည်သူ့ဟစ်တိုင် MGY ကဏ္ဍတွင် ဖော်ပြသည့်အကြောင်းအရာသည် ပေးပို့သော ကာယကံရှင်များ၏ အာဘော်သာဖြစ်ကြောင်း ဂျာနယ်စာမျက်နှာတွင် ဖေါ်ပြထားသော်လည်း သတင်းဖေါ်ပြချက်နှင့် ပတ်သက်၍ တရားစွဲဆိုသူက သတင်းဌာနတာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းခြင်း တစုံတရာမရှိကြောင်း သိရသည်။
 ‘‘လားရှိုးကတရားစွဲတဲ့ ဦးညွန့်မောင်က ဂျာနယ်မှာဖော်ပြတဲ့ တိုင်စာနဲ့ပတ်သက်ပြီး ဘာမှအကြောင်းကြား ဆက်သွယ်မှုတွေမလုပ်ခဲ့ဘူး။ လားရှိုးမြို့နယ်တရားရုံးကနေ မကွေးမြို့နယ်တရားရုံးကို လွှဲစာနဲ့ ရောက်လာတာကို ဂျာနယ်ဥပဒေအကြံပေးတာဝန်ယူထားတဲ့သူက ပြောမှသိရတယ်’’ ဟု MGY ဂျာနယ်အယ်ဒီတာချုပ် ဦးနေခြည်က ပြောသည်။
MGY ဂျာနယ် အတွဲ(၁) အမှတ်(၉) ပြည်သူ့ဟစ်တိုင်ကဏ္ဍတွင် လားရှိုးမြို့၌ နေထိုင်သူ စစ်မှုထမ်းဟောင်းငြိမ်း (တက) ဇော်လွန်းလက်မှတ်ရေးထိုးထားသည့် သမ္မတထံတိုင်ကြားစာနှင့်ပတ်သက်၍ တိုင်ကြားစာတွင် ဖေါ်ပြခံရသည့် ဦးညွန့်မောင်က တိုင်ကြားသူ၊ တိုင်ကြားစာပေးပို့သူနှင့် MGY ဂျာနယ်အယ်ဒီတာအဖွဲ့ဝင်(၄)ဦး စုစုပေါင်း (၆)ဦးအား အသရေဖျက်မှု ရာဇသတ်ကြီးပုဒ်မ (၅၀၀)ဖြင့် လားရှိုးမြို့ တရားရုံးတွင် တရားစွဲဆို ထားခြင်းဖြစ်ကြောင်း သိရသည်။
“အမှန်က ဖေါ်ပြချက်က မှားလို့ တရားစွဲဆိုတော့မယ်ဆိုရင် ဂျာနယ်က တာဝန်ရှိသူတွေဖြစ်တဲ့ အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာစတဲ့ တာဝန်ခံထားတဲ့သူတွေကို ဦးတည်စွဲဆိုသင့်တာပါ။ ဒါပေမဲ့ ဘာဖြစ်နေသလဲဆိုတော့ တရားစွဲတဲ့သူက သူတို့စွဲချင်တဲ့သူအားလုံးကို တန်းစီပြီး တရားစွဲလိုက်တာမျိုးပဲ ကြုံနေရပါတယ်။ ဥပမာ သံတော်ဆင့်ကို တရားစွဲတုန်းက ဖြန့်ချိရေးသမားပါ တရားစွဲခံလိုက်ရတာမျိုးက မီဒီယာအဖွဲ့အစည်းတွေအတွက် မလုံခြုံတဲ့အခြေအနေဖြစ်နေတာပါ”ဟု မြန်မာပို့စ်ဂျာနယ် အယ်ဒီတာချုပ် ဦးသန်းထိုက်သူက မှတ်ချက်ပြုသည်။
အဆိုပါ တိုင်ကြားစာမှာ လားရှိုးမြို့တွင်နေထိုင် သည့်(တက)ဇော်လွန်းက ၎င်းအငြိမ်းစားယူပြီး စုဆောင်းထားသည့် ငွေဖြင့် ၀ယ်ယူခဲ့သည့်မြေနေရာ၌ အိမ်ဆောက်၍ ၎င်းတို့မိသားစု တစ် နှစ်ခန့်နေထိုင်ခဲ့ပြီးချိန်တွင် တရုတ်လူမျိုးဦးညွန့်မောင်က ပိုင်ဆိုင်သည်ဟုဆိုကာ ရပ်ကွက်လူကြီး နှင့်တကွ ဖယ်ရှားခိုင်းနေခြင်းအပေါ် သမ္မတထံသို့ လိပ်မူတိုင်ကြားထားခြင်းဖြစ်သည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~