ရန်နိုင်စိုး - Tachileik News Agency
မုံရွာ၊ နိုဝင်ဘာလ (၂၉) ရက်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား ကန့်ကွက်သည့် အထွေထွေ သပိတ်စခန်းအား မီးလောင်ဗုံးသုံး၍ ဖြိုခွဲခဲ့ခြင်းအား အစိုးရသစ်အနေဖြင့် ဖော်ထုတ်အရေးယူပေးရန် ဆန္ဒထုတ်ဖေါ်သူများက တောင်းဆိုလိုက်သည်။
သပိတ်စခန်းဖြိုခွဲခြင်း လေးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် နိုဝင်ဘာလ (၂၉) ရက် နေ့လည် ၂ နာရီအချိန်တွင် မုံရွာ- ပုသိမ်လမ်းမကြီးဘေးရှိ ဝမ်ပေါင်ကုမ္ပဏီရုံးရှေ့၌ ဆန္ဒထုတ်ဖေါ်ကြသည့် ဒေသခံများက ယင်းကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။
" အစိုးရသစ်လက်ထက်မှာလည်း အခုလို ဖြစ်ရပ်မျိုးကို သင်ခန်းစာလည်း ယူစေချင်ပါတယ်။ ဒါပေမဲ့ အရင်က ဖြစ်ခဲ့တဲ့ ကိစ္စတွေကတော့ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။ လေးနှစ်တာ ကြာပြီဆိုပေမဲ့ မီးလောင်ဗုံးကိစ္စကို မှန်မှန်ကန်ကန် ဖော်ထုတ်ပေးဖို့ ဆက်လက်တောင်းဆိုသွားမှာပါ " ဟု မိုးကြိုးပြင်ကျေးရွာမှ ကိုအောင်ကြီးက ပြောသည်။
ဆန္ဒထုတ်ရာတွင် မီးလောင်ဗုံးတရားခံအား ဖော်ထုတ်အရေးယူပေးရေး၊ သီးနှံလျော်ကြေးရရှိရေး၊ အကြမ်းဖက်မှုအလိုမရှိ ၊ အစားမြေယာဧက ၁၉၀၀ ဖော်ထုတ်ပေးရေး၊ လုပ်ငန်းအကောင်ထည် ဖော်ဆောင်ရေးကော်မတီမရှိသည့် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး၊ စုံစမ်းစစ်ဆေးရေးကော်မတီ၏ အစီရင်ခံစာ မလိုက်နာသည့် ကြေးနီစီမံကိန်းရပ်ဆိုင်းရေးဟူသောစာသားများပါသည့် ဗီနိုင်းများ ကိုင်ဆောင်ကာ ကြွေးကြော်ခဲ့ကြသည်။
အဆိုပါ ဆန္ဒဖော်ထုတ်မှုတွင် စီမံကိန်းအနီးရှိ မိုးကြိုးပြင်၊ ဆည်တည်း၊ ဇီးတောနှင့် တုံရွာအုပ်စုကျေးရွာများမှ ဒေသခံ (၂၀၀) နီးပါး ပါဝင်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၄) ရက်နေ့ နံနက် (၅) နာရီအချိန်တွင် ကြေးနီစီမံကိန်းကို ကန့်ကွက်သပိတ်မှောက် ခဲ့ကြသည့် အထွေထွေသပိတ်စခန်းအား မီးလောင်ဗုံးသုံး၍ ဖြိုခွင်းခဲ့သည့်အတွက် ဒေသခံများအပါအဝင် သံဃာအများပြား ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
1အအ