
မကွေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးဝင်းအတွင်း ယာဉ်စစ်အလုပ်ရုံ အသစ်တည်ဆောက်ရန် နိုဝင်ဘာလ (၂၉)ရက် နံနက်ပိုင်းက ဖောင်းဒေးရှင်းချ မြေကျင်းတူးရာမှ ပွိုင့်(၃၀၃) ရိုင်ဖယ်ကျည်ဟောင်း (၄၁)တောင့် တွေ့ရှိရကြောင်း မကွေးမြို့ အမှတ်(၂)ရဲစခန်းမှ သိရသည်။
သတင်း - ဖီးနစ်
“မြေကျင်းတူးတာမှာ အကျယ်(၃)ပေခွဲ၊ အနက်(၁)ပေခွဲလောက်အရောက်မှာ ကျည်ဆံတွေတွေ့ရလို့ ကုမ္ပဏီ အင်ဂျင်နီယာတာဝန်ခံကို သွားပြောခဲ့တာပါ။ တာဝန်ခံကတစ်ဆင့် တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထွဋ်ဆီ သတင်းပို့ခဲ့တာပါ”ဟု ကျင်းတူးလုပ်သား ကိုမျိုးမင်းဦးက ပြောသည်။
ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထွဋ်၏ သတင်းပေးချက်အရ အမှတ်(၂)ရဲစခန်းမှ စခန်းမှူးရဲအုပ်ကျော်ထူးနှင့် ရဲတပ်ဖွဲ့ဝင်များက သတင်းပေးနေရာသို့ သွားရောက်စစ်ဆေးပြီး ပွိုင့်(၃၀၃) ရိုင်ဖယ်ကျည်ဟောင်း (၄၁) တောင့်ကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ပွိုင့် ၃၀၃ ရိုင်ဖယ်ကျည်ဟောင်း ထိပ်မပါ(၇)တောင့်(အသုံးပြုမရ)၊ ထိပ်ဖူးပါ(၃၄)တောင့် (အသုံးပြုမရ)၊ စုစုပေါင်း(၄၁)တောင့်ကို စခန်းမှူး ရဲအုပ်ကျော်ထူးမှတစ်ဆင့် စအရ(၉၁၀)ခွဲ (၃)မှ တာဝန်ရှိသူများက လာရောက်စစ်ဆေး၍ စအရ(၉၁၀) ခွဲ(၃)သို့ သယ်ဆောင်ထိန်းသိမ်းထားကြောင်း အမှတ်(၂)ရဲစခန်းမှ သိရှိရသည်။
သတင်း - ဖီးနစ်