ဆိုင်ကလုန်းမုန်တိုင်း အရေးပေါ်တုံ့ပြန်ရေးအတွက်  NUG က  အမေရိကန်ဒေါ်လာ (၁)သန်း မတည်မည်

Photo: NUG
Photo: NUG
ဆိုင်ကလုန်းမုန်တိုင်း အရေးပေါ်တုံ့ပြန်ရေးအတွက်  NUG က  အမေရိကန်ဒေါ်လာ (၁)သန်း မတည်မည်

 ဆိုင်ကလုန်းမုန်တိုင်း အရေးပေါ်တုံ့ပြန်ရေးအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁)သန်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က မတည်မည်ဟု ၂၀၂၃ခုနှစ်၊ မေလ (၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ယနေ့ မေလ(၁၃)ရက်နေ့တွင် ပြုလုပ်သည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” အရေးပေါ်တုံ့ပြန်ရေးအတွက် NUG ၏ လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် အစည်းအဝေးက ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် မုန်တိုင်းဒဏ်တုံ့ပြန်ရေးအတွက် အရေးပေါ်ရန်ပုံငွေအဖြစ် အခွန်ကောက်ခံရရှိငွေ၏ (၁၀)ရာခိုင်နှုန်းမှ သုံးစွဲရန်၊ မိုးလေဝသသတင်းအပါအဝင် မုန်တိုင်းတုံ့ပြန်ရေးနှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ ထုတ်ပြန်မည့် သတင်းများအား စိစစ်အတည်ပြုပြီး လူထုသို့ အချိန်နှင့်တပြေးညီသတင်းထုတ်ပြန်ပေးရန်လည်း ဆုံးဖြတ်သည်ဟု ဆိုသည်။

နိုင်ငံတကာအကူအညီများရရှိရေးနှင့် NUG မူဝါဒ‌ကြေညာချက် ထုတ်ပြန်ရေးအတွက် EOCC ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ရန်၊ မုန်တိုင်းအရေးပေါ်ကာလအတွင်း ပအဖ၊ ပကဖများအနေဖြင့် မုန်တိုင်းနှင့်ပတ်သက်သည့် အရေးပေါ်လုပ်ငန်းများတွင် ဆက်သွယ်မှုပြတ်တောက်မှု မရှိစေရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရေး အချိန်နှင့်တပြေးညီ ညွှန်ကြားပေးရန်လည်း ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။