အကျပ်အတည်းဆိုက်နေသည့် သီရိလင်္ကာနိုင်ငံတွင် ယာဥ်မောင်းများအတွက် လောင်စာဆီကို အပတ်စဥ် ခွဲတမ်းစနစ်ဖြင့် ရောင်းချပေးသွားမည်ဟု ဇွန်လ (၁၂) ရက်နေ့က ကြေညာခဲ့သည်။
သီရိလင်္ကာတွင် လောင်စာဆီပြတ်လပ်မှု ပိုဆိုးလာပြီး ရောင်းချနေဆဲ လောင်စာဆီဆိုင်အနည်းငယ် အပြင်ဘက်တွင် ရှည်လျားစွာ တန်းစီစောင့်ဆိုင်းနေရစဥ် အစိုးရက အပတ်စဥ် ခွဲတမ်းစနစ်ကို ကြေညာလိုက်ခြင်းလည်း ဖြစ်သည်။
လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် LPG (liquefied petroleum gas) ဂက်စ်ပြတ်လပ်မှုတို့ကြောင့် လောင်စာဆီသုံးစွဲမှု မြင့်တက်လာခဲ့စဥ် အစိုးရပိုင် Ceylon Petrolem Coporation မှာ ဆီတင်သွင်းရန် ဘဏ္ဍာငွေကိစ္စ ရုန်းကန်နေရကြောင်း စွမ်းအင်ဝန်ကြီး Kanchana Wijesekera က ပြောသည်။
"ဘဏ္ဍာငွေအခြေအနေ ခိုင်မာအောင် လုပ်နိုင်ချိန်အထိ ဝယ်ယူသူတွေကို ဆီဆိုင်တွေမှာ စာရင်းသွင်းခိုင်းပြီး အပတ်စဥ် ခွဲတမ်းတစ်ခုရဖို့ စီစဥ်ပေးတာကလွဲပြီး ကျနော်တို့မှ ရွေးချယ်စရာမရှိပါဘူး" ဟု ဝန်ကြီးက ဆိုသည်။
လောင်စာဆီကို အပတ်စဥ် ခွဲတမ်းစနစ်ဖြင့် ရောင်းချမှုအား ဇူလိုင်လ ပထမပတ်အထိ ဆက်လက် သတ်မှတ်ထားနိုင်ကြောင်းလည်း ၎င်းကပြောသည်။
အပတ်စဥ် ခွဲတမ်းစနစ်ဖြင့် ယာဥ်မောင်းတွေကို လောင်စာဆီပမာဏ မည်မျှရောင်းချပေးမည်ကိုမူ စွမ်းအင်ဝန်ကြီး Kanchana Wijesekera က ထုတ်ဖော်မပြောခဲ့ဟု ဆိုသည်။
သီရိလင်္ကာနိုင်ငံမှာ နှစ်ပေါင်း (၇၀) ကျော်အတွင်း အဆိုးဆုံး စီးပွားရေးအကျပ်အတည်းကြောင့် ရုန်းကန်နေရသည်။
နိုင်ငံခြားအရန်ငွေ မရှိတော့ခြင်းကြောင့် အစားအစာ၊ လောင်စာဆီနှင့် ဆေးဝါးကဲ့သို့ အခြေခံ မရှိမဖြစ် လိုအပ်သည့်ကုန်ပစ္စည်းများကို ပြည်ပမှ မတင်သွင်းနိုင်ဖြစ်ခဲ့သည်။
ပြီးခဲ့သည့် သီရိလင်္ကာအစိုးရက ဆိုင်ကယ်တစ်စီးလျှင် ဓာတ်ဆီ (၄) လီတာထက် ပိုမရောင်းရန်၊ သုံးဘီးဆိုင်ကယ်များကို (၅) လီတာထက် ပိုမရောင်းရန်၊ ကားများနှင့် SUV ကားများကို ဓာတ်ဆီ သို့မဟုတ် ဒီဇယ် (၁၉.၅) လီတာထက် ပိုမရောင်းရန် ဆီဆိုင်အားလုံးကို ဧပြီလလယ်တွင် ညွှန်ကြားထားခဲ့သည်။
ထိုစနစ်ဖြင့် လောင်စာဆီရောင်းချရာတွင် ယာဥ်မောင်းအများအပြားက ဆီသိုလှောင်ရန်အတွက် ဆီဖြည့်ပြီးနောက် ပုံးများထဲသို့ ပြန်ထည့်ပြီးနောက် ဆီဆိုင်တွင် နောက်တစ်ကြိမ် ပြန်လာတန်းစီးပြီး ဆီထည့်ခဲ့ကြသည်ဟု ဆိုသည်။
ယခုသီတင်းပတ်တွင်မူ ဆီဆိုင်များ၌ တန်းစီစောင့်ဆိုင်းမှုမှာ ပိုမိုရှည်လျားလာခဲ့ပြီး ရာနှင့်ချီသည့် ကားများနှင့် ဆိုင်ကယ်အစီးရေ ထောင်နှင့်ချီ ဆီဖြည့်ရန် တန်းစီနေခဲ့ကြကာ တခါတရံ ရက်နှင့်ချီကြာသည်အထိ စောင့်ဆိုင်းကြရသည်။
လွန်ခဲ့သည့် သီတင်းနှစ်ပတ်က သီရိလင်္ကာသို့ ရုရှားနိုင်ငံမှ ရေနံစိမ်းများ ရောက်ရှိလာခဲ့သော်လည်း Sapugaskanda ရေနံသန့်စင်စက်ရုံတွင် ပြန်လည်သန့်စင်ပြီး ထုတ်လုပ်ခဲ့သည့် လောင်စာဆီပမာဏမှာ နိုင်ငံ၏ နေစဥ်လိုအပ်ချက်၏ ဆယ်ပုံတစ်ပုံအောက်သာ ဖြစ်ခဲ့သည်။
စီးပွားရေးအကျပ်အတည်းဆိုက်နေသည့် သီရိလင်္ကာက ဧပြီလလယ်တွင် ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ (၅၁) ဘီလီယံကို ပေးဆပ်နိုင်ခြင်းမရှိဘဲ ရပ်ဆိုင်းခဲ့ပြီး ထိုစဥ်ကတည်းက ငွေကြေးအကူအညီအတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ International Monetary Fund (IMF) နှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
လူဦးရေ (၂၁) သန်းကျော်ရှိသည့် သီရိလင်္ကာနိုင်ငံ၏ လူဦးရေ (၁.၇) သန်းအတွက် လာမည့် (၄) လအတွင်း မရှိမဖြစ် စားနပ်ရိက္ခာ ဝယ်ယူရန် ကုလသမဂ္ဂက ဒေါ်လာ (၄၇) သန်း တောင်းခံထားသည်။
သီရိလင်္ကာ၏ လက်ရှိ စီးပွားရေးအကျပ်အတည်းမှာ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရခဲ့ပြီးနောက် အဆိုးဆုံးဖြစ်ပြီး သမ္မတ Gotabaya Rajapaksa ကို ရာထူးမှ နုတ်ထွက်ရန် ဆန္ဒပြမှုများလည်း ပေါ်ပေါက်ခဲ့သည်။
သမ္မတ Gotabaya က ရာထူးမှ နုတ်ထွက်ရန် ငြင်းဆန်ခဲ့ပြီး ၎င်း၏အကိုဖြစ်သူ ဝန်ကြီးချုပ် Mahinda က မေလ (၉) ရက်နေ့တွင် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။
ထို့နောက် သမ္မတ Gotabaya က အတိုက်အခံအုပ်စုမှ ဝါရင့်နိုင်ငံရေးသမား Ranil Wickremesinghe ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ပြီး မကြုံစဖူး စီးပွားရေးအကျပ်အတည်းကနေ ရုန်းထွက်ရာတွင် နိုင်ငံကို ဦးဆောင်စေခဲ့သည်။
Source: AFP