နယ်စပ်တာချီလိတ်မြို့၏ ပထမဆုံး ကုန်ပစ္စည်းဈေးနှုန်းသတ်မှတ်မှု ကုန်ပစ္စည်း(၂)မျိုးဖြင့်စတင်

နယ်စပ်တာချီလိတ်မြို့၏ ပထမဆုံး ကုန်ပစ္စည်းဈေးနှုန်းသတ်မှတ်မှု ကုန်ပစ္စည်း(၂)မျိုးဖြင့်စတင်
နိုဝင်ဘာ 22, 2016
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ ပိုင်း) နယ်စပ်မြို့ တာချီလိတ်တွင် အခွန်စည်းကြပ်ရန် ကုန်ပစ္စည်း ဈေးနှုန်း သတ်မှတ်ရေးကို စတင်ဆောင်ရွက်နေရာ နိုဝင်ဘာလတတိယပတ်အစည်းအဝေးတွင် ကုန်ပစ္စည်း (၂)မျိုးကို ဈေးနှုန်းသတ်မှတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
"ဒီတစ်ပတ်အတွက်လုပ်တဲ့ အစည်းအဝေးမှာတော့ လိုင်စင်ဈေးအနေနဲ့ ကုန်ပစ္စည်း (၃၇)မျိုးကို ကုန်သည်တွေကို ချပြတယ်။ ဒါတွေကိုတော့ ဈေးပြင်လို့ မရဘူး။ ကုန်သည်တွေဘက်ကတော့ ပစ္စည်းနှစ်မျိုး ဖြစ်တဲ့ ကျောက်မီးသွေးနဲ့  မိုးကာစကို တင်သွင်းနိုင်ဖို့ အတွက် အဆိုပြုခဲ့ပါတယ်။ မိုးကာစကတော့ လိုင်စင်လျှောက်ဖို့မလိုတဲ့အတွက် ဈေးနှုန်းကရှိပြီးသားဆိုတော့ အဆင်ပြေသွားတယ်။ ကျောက်မီးသွေး အတွက်ကတော့ သူတို့ဘက်က လိုင်စင်မရှိသေးတဲ့အတွက် လိုင်စင်အရင်လုပ်ဖို့  ပြောထားပါတယ်"ဟု တာချီလိတ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြ၀င်းက ပြောသည်။
ကုန်ပစ္စည်းများကို ဈေးနှုန်းသတ်မှတ်ရာတွင် ကုန်သည်အသင်းများမှ တရားဝင်ထုတ်ပြန်ထားသည့်  ကုန်ပစ္စည်းဈေးနှုန်းများကို ထပ်မံဆွေးနွေးမည်မဟုတ်ဘဲ လိုင်စင်လျှောက်ထားရန်မလိုသည့် ပစ္စည်းများနှင့် ပြည်တွင်းသို့  အသစ်တင်သွင်းမည့်ပစ္စည်းများကို အင်တာနက်ဈေးနှုန်းနှင့် မြေပြင်ဈေးနှုန်းများ ချိန်ညှိ၍ ဈေးနှုန်းသတ်မှတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
"လက်ရှိ အခွန်ကောက်ခံနေတဲ့စနစ်ကတော့ နိုင်ငံတော်အတွက် အခွန်ငွေကို အလေအလွင့်မရှိဘဲ အပြည့်အ၀ ကောက်ခံမယ့်စနစ်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့  ကုန်ပစ္စည်းတန်ဖိုးကို သတ်မှတ်တဲ့အခါမှာ တစ်ဖက်သတ် ဆောင်ရွက်နေတာမဟုတ်ပါဘူး။ သွင်းကုန်၊ထုတ်ကုန် လုပ်ငန်းရှင်များ တင်ပြတဲ့ ကုန်တန်ဖိုးအပေါ်မှာ မှန်ကန်တဲ့ အခြေအနေရှိ/မရှိကို သုံးသပ်ပြီးတော့ ပစ္စည်းတန်ဖိုးကို တည်ဆဲ အကောက်ခွန်နှုန်းထားတွေအတိုင်း အခွန်စည်းကြပ်တာဖြစ်ပါတယ်။"ဟု အကောက်ခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြ၀င်းက ပြောသည်။
ကုန်ပစ္စည်းဈေးနှုန်း သတ်မှတ်ခြင်းလုပ်ငန်းများကို နယ်စပ်စခန်းများရှိသည့် မြို့တိုင်းတွင် လုပ်ဆောင်လျှက် ရှိသော်လည်း တာချီလိတ်မြို့တွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှ စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။
" အထက်ကချပြလာတဲ့ ကုန်ပစ္စည်းတွေကိုလည်း ကျွန်တော်တို့ ဘက်က လက်ခံပါတယ်။ ဈေးနှုန်းအသစ် တင်ပြထားတဲ့ကုန်ပစ္စည်းနှစ်မျိုးကလည်း နောက်တစ်ပတ်လောက်ဆို ဈေးနှုန်းကျလာမှာပါ။"ဟု တာချီလိတ်နယ်စပ်ကုန်သည်ကြီးများအသင်းမှ ဦးမြင့်ဆွေကပြောသည်။
ကုန်ပစ္စည်းဈေးနှုန်း သတ်မှတ်ခြင်းအစည်းအဝေးကို တာချီလိတ်မြို့တွင် နိုဝင်ဘာလမှစတင်ကာ အပတ်စဉ် သောကြာနေ့ တိုင်း လုပ်ဆောင်နေခြင်းဖြစ်သည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~