နိုနို - Tachileik News Agency
တောင်ကြီး၊ နိုဝင်ဘာလ (၂၉) ရက်
ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးတွင် အထပ်မြင့်တိုက်ခန်းများ အရစ်ကျရောင်းချမှုအား ဝယ်ယူသူများသဖြင့် ကန်ထရိုက်စနစ်ဖြင့် အထပ်မြင့်တိုက်ခန်းဆောက်၍ အရစ်ကျရောင်းချသူများလာကြောင်း သိရသည်။
“တိုက်ခန်းတွေတောင် ဆောက်လို့မပြီးသေးဘူး။ ၀ယ်သူတွေက လာဝယ်သူများတယ်။ ဈေးကောင်းလည်းရတယ်။ ကျွန်တော်က မြေကွက်စိုက်တယ်။ ကန်ထရိုက်က အိမ်ဆောက်ပေးတယ် ။ ပြီးရင်တော့ အိမ်ကတစ်ယောက်တစ်ဝက် ရတယ်လေ။ ကန်ထရိုက်က သိန်း (၇၀၀) ကျွန်တော့်ကို ပေးသေးတယ်။ အရစ်ကျ ရောင်းချတာကလည်း အဆင်ပြေရင် ပြေသလို ပေးလို့ရပါတယ်” ဟု တိုက်ခန်းအရစ်ကျရောင်းချသူ ဦးမိုးအေးက ပြောသည်။
တောင်ကြီးမြို့တွင် အိမ်ခြံမြေဈေးနှုန်းမြင့်မားသဖြင့် အထပ်မြင့်တိုက်ခန်းများကို စိတ်ဝင်စားသူ များလာခြင်းဖြစ်ကြောင်း သိရသည်။
“တိုက်ခန်းတွေ အရစ်ကျရောင်းတော့ အစ်မတို့က အဆင်ပြေတယ်။ ဒီခေတ်ကြီးထဲမှာ မြေကွက်တွေက ဈေးနှုန်းအရမ်းကြီးတယ်။ မ၀ယ်နိုင်ဘူး။ အခုကမြို့ထဲလည်းဖြစ်တယ်။ ပတ်ဝန်းကျင်လည်း ကောင်းတယ်လေ။ အဆင်ပြေရင် ပြေသလို ငွေချေပေးရတော့ ပိုအဆင်ပြေတယ်”ဟု တိုက်ခန်းဝယ်ယူသူ ဦးလှဌေး ကပြောသည်။
အရစ်ကျရောင်းချနေသည့် အထပ်မြင့်တိုက်ခန်းများမှာ နေရာနှင့်အဆောက်အဦးပေါ်မူတည်ပြီး မြေညီထပ်အခန်းများမှာ ကျပ်သိန်း (၁၅၀)ကျော်မှ ကျပ်သိန်း (၂၀၀၀)အထိရှိပြီး အထပ်မြင့်အလွှာများတွင် အလွှာလိုက်ဈေးနှုန်းကွာဟမှုများ ရှိကြောင်း သိရသည်။