ပိုက်ကျော်ခြင်းပြိုင်ပွဲတွင်

ပိုက်ကျော်ခြင်းပြိုင်ပွဲတွင်
နိုဝင်ဘာ 19, 2016
By Tachileik News Agency

တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီမှ ကျင်းပသည့် ကလပ်ပေါင်းစုံဖိတ်ခေါ်(အလွတ်တန်း) ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အသင်းက ပထမဆု ရရှိသွားကြောင်း သိရသည်။

ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ထိုင်းအသင်း(၃)သင်း အပါအ၀င် ပိုက်ကျော်ခြင်းအသင်း စုစုပေါင်း(၂၈)သင်းဖြင့် ကလပ်ပေါင်းစုံ ဖိတ်ခေါ်(အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် လူသစ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ ဟူ၍ နိုဝင်ဘာလ (၁၆)ရက်နေ့မှ (၁၉)ရက်နေ့အထိ ပြိုင်ပွဲနှစ်မျိုး ကျင်းပခဲ့ခြင်းဖြစ်သည်။

"ထိုင်းအသင်း ပါဝင်တာတော့ ဒါကပထမဆုံးဖြစ်ပါတယ်။ အရင်တုန်းကတော့ အခုလို အသင်းလိုက်လာတာ မရှိဘူး အသင်းက တစ်ယောက်စ နှစ်ယောက်စ လာတာပဲရှိတယ်။ ပိုက်ကျော်ခြင်းမှာက ထိုင်းက တော့(Top)ပဲလေ။ သူတို့မြို့နယ်အဆင့်ကစားသမားတောင်မှ မြန်မာပြည်က ပြည်နယ်အဆင့်လောက် ရှိတယ်။ မြို့နယ်မှာရှိတဲ့ လူငယ်ကစားသမားတွေ မျိုးဆက်သစ်ကစားသမားတွေ သူတို့ကစားတဲ့ ပညာတွေ ၊ ကစားကွက်တွေကို လေ့လာရအောင် ဖိတ်ပြီးတော့ ယှဉ်ပြိုင်ကစားခိုင်တာပါ။”ဟု အား/ကာဦးစီးဌာနမှ တာချီလိတ်မြို့နယ်တာဝန်ခံ ဦးသန်းလှိုင်က ပြောသည်။

ကျင်းပခဲ့သည့် ကလပ်ပေါင်းစုံဖိတ်ခေါ်(အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆု ကျပ်(၂)သိန်း နှင့် ဒုတိယဆု ကျပ်(၁၇၀,၀၀၀) ဖြင့်လည်းကောင်း၊ လူသစ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲကို ပထမဆု ကျပ်(၁)သိန်းနှင့် ဒုတိယဆု ကျပ်(၇၀,၀၀၀)ဖြင့်လည်းကောင်း ဆုချီးမြှင့်ခဲ့ကြောင်းသိရသည်။

“ကျွန်တော်တို့ လူသစ်တန်း ကစားပွဲကတော့ ကိုယ့်အချင်းချင်းပြိုင်ရတာဆိုတော့ အာ့လောက်မဟုတ်ဘူး။ အလွတ်တန်းပြိုင်ပွဲမှာဆို ထိုင်းအသင်းတွေနဲ့ရောယှဉ်ပြိုင်တာဆိုတော့ သိသာတယ်။ တော်တော်လေးကွာတယ်။ သူတို့ကစားတာက တော်တော်ကောင်းတယ်။ အတွေ့ကြုံလဲရတယ်။ ပညာလည်းရတာပေါ့။”ဟု လူသစ်တန်းတွေ ဒုတိယဆုရရှိသွားသည့်အသင်းဆန်းဆိုင်း(ခ)အသင်းမှ ကစားသမားတစ်ဦးကပြောသည်။

တာချီလိတ်ခရိုင်စီမံမှုကော်မတီမှ ကျင်းပသည့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ကျိုင်းတုံ ၊ တာချီလိတ် မှ အသင်းများပါဝင်ပြီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ နှင့် ချင်းရိုင်းမြို့မှ အသင်းများအနေဖြင့် ပထမဆုံး လာရောက် ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်းသိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~