မကွေးတွင် COVID 19 အတည်ပြုလူနာတွေ့လာရသဖြင့် Mask တပ်ဆင်ရေး ပညာပေးဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် COVID-19 အတည်ပြုလူနာ (၁) ဦးတွေ့လာရသဖြင့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့မှစ၍ မကွေးမြို့တွင် ပြည်သူများ Mask တပ်ဆင်ရေး ပညာပေးတိုက်တွန်းလာသည်။
“ ပိတ်ဆို့ ရှာဖွေရေးလုပ်တယ်ဆိုတာကတော့ ယာဉ်တွေမှာ တုတ်၊ ဓား၊ လက်နက်တွေ၊ ဥပဒေနဲ့မလွတ်ကင်းတဲ့ ပစ္စည်းတွေကို ရှာဖွေတာဖြစ်သလို COVID-19 ပိုးတွေ့လူနာ မကွေးမြို့နယ်မှာတွေ့ရှိနေပြီလို့ သွားလာ နေကြတဲ့ပြည်သူလူထုအနေနဲ့ Mask ကို စနစ်တကျတပ်ဆင်ပြီး သွားလာကြဖို့ ပညာပေးတိုက်တွန်း တာတွေ ဆောင်ရွက်တာဖြစ်ပါတယ်”
ဟု မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုင်းခမ်းလူ က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။
COVID 19 ကူးစက်ခံရခြင်းမရှိစေရန် အများပြည်သူအနေဖြင့် တတ်နိုင်သမျှ နေအိမ်တွင် နေထိုင်ရန်၊ မဖြစ်မနေ အပြင်ထွက်သွားလာရပါက Mask တပ်ဆင်ရန်နှင့် လူစုလူဝေးမဖြစ်စေရန် စသည့် လိုက်နာရမည့်အချက်များကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားခြင်းဖြစ်သည်။
မကွေးမြို့ပေါ် ဧရာဝတီတံတား(မကွေး)အဝိုင်းပတ်၊ ဗိုလ်ချုပ်လမ်းနှင့် ပြည်တော်သာလမ်းဆုံ၊ ကန်သာ ရပ်ကွက်ရှိ ကန်သာကန်အနီးတစ်ဝိုက်တို့တွင် ဖြတ်သန်းသွားလာနေသည့် ကား၊ ဆိုင်ကယ်တို့ကို ရှောင်တခင်ပိတ်ဆို့ရှာဖွေခြင်း၊ မော်တော်ယာဉ်စီးနင်းသူများ Mask ကို စနစ်တကျ တပ်ဆင်ကြရန် ပညာပေး တိုက်တွန်းခြင်းများကို ရဲတပ်ဖွဲ့က အထွေအထွေအုပ်ချုပ်ရေးအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။
မကွေးမြို့နယ်တွင် သြဂုတ်လ(၃၁)ရက်နေ့က ရခိုင်ပြည်နယ် ပြန်လာသူ (၁)ဦးတွင် COVID 19 ကူးစက်ခံထားရသည်ကို တွေ့ရပြီးနောက် ယင်းကဲ့သို့ ဆောင်ရွက်လာခြင်းဖြစ်သည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်