တရုတ်နိုင်ငံမှ ဖျားနေသည့်ခရီးသည်များကို တင်ဆောင်မလာရန် ပြည်တွင်းပြည်ပလေကြောင်းလိုင်းနှင့် လေဆိပ်များကို မြန်မာ အသိပေးထား
တရုတ်နိုင်ငံမှ ကိုယ်အပူချိန်မြှင့်တက် ဖျားနာနေသည့် ခရီးသည်များကို တင်ဆောင်လာခြင်း မပြုကြရန်နှင့် တရုတ်နိုင်ငံသားများကို မြန်မာနိုင်ငံတွင် ဆိုက်ရောက်ဗီဇာ ဆိုင်းငံ့ထားကြောင်း ပြည်တွင်းပြည်ပ လေကြောင်း လိုင်းများနှင့် လေဆိပ်များသို့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂) ရက်နေ့တွင် အကြောင်းကြားထားသည်ကို တွေ့ရသည်။
တရုတ်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် ပြည်ပထွက်ခွာများကို ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း ပြုလုပ်ရန် WHO က အကြံပြုထားပြီးဖြစ်ရာ လေဆိပ်တွင် တိုင်းတာစစ်ဆေးမှုအတွင်း ကိုယ်အပူချိန်မြှင့်တက်နေသည့် ခရီးသည်များတွေ့ရှိပါက မြန်မာနိုင်ငံခရီးစဉ် ပျံသန်းမည့် လေယာဉ်များအနေဖြင့် တင်ဆောင်လာခြင်းမပြုရန် အကြောင်းကြားထားသည်ကို တွေ့ရသည်။
တရုတ်နိုင်ငံတွင် ထိန်းချုပ်နိုင်ရန် ကြိုးစားနေဆဲ ကော်ရိုနာဗိုင်းရပ်စ် (ဝူဟန်အဆုတ်ရောင်ရောဂါ) လေကြောင်းမှတစ်ဆင့် ကူးစက်ခံရမှုမဖြစ်စေရန် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် ခရီးသည်၏ ကျန်းမာရေးဆိုင်ရာအချက်အလက်ကောက်ယူခြင်းအပါအဝင် ကျန်းမာရေးအဖွဲ့များနှင့်အတူ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် တားဆီးကာကွယ်ရေး အစီအမံများ ဆောင်ရွက်နေရာတွင် မလိုအပ်ဘဲ နှောင့်နှေးကြန့်ကြာမှုများ မဖြစ်စေရေးအတွက် လေကြောင်းလိုင်းများအနေဖြင့် ဆောင်ရွက်ရမည့်အချက်ကို ထုတ်ပြန် အသိပေးထားသည်ကို တွေ့ရသည်။
တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားပြီး အခြားနိုင်ငံများသို့ပါ ကော်ရိုနာဗိုင်းရပ်စ် (ဝူဟန်အဆုတ်ရောင်ရောဂါ) ကူးစက်ပျံ့နှံ့နေမှုကို ကမ္ဘာ့အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့က ကြေညာလိုက်သော်လည်း ရောဂါထိန်းချုပ်ရေးလုပ်ဆောင်ချက် အဟန့်အတားဖြစ်နိုင်၍ တရုတ်နိုင်ငံနှင့် ခရီးသွားလာရေး၊ ကုန်သွယ်ရေးများတွင် ကန့်သတ်မှုများ လုပ်ဆောင်ခြင်းကို ထောက်ခံမည်မဟုတ်ကြောင်း WHO အကြီးအကဲက ပြောကြားထားသည်။
ဝူဟန်အဆုတ်ရောင်ရောဂါဟု ခေါ်သည့် ကော်ရိုနာဗိုင်းရပ်စ်၏ အခြေအနေမှာ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ (၂)ရက်နေ့ ဒေသစံတော်ချိန် ည(၈)နာရီခွဲအထိ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း(၂၅)နိုင်ငံတို့တွင် ကူးစက်ခံရသူ စုစုပေါင်း (၁၄,၆၂၈)ဦးရှိပြီး သေဆုံးသူ (၃၀၅)ဦးရှိလာရာ ကူးစက်ခံရမှု နှင့် သေဆုံးသူ အရေအတွက် မြှင့်တက်လာသော်လည်း ကုသပျောက်ကင်းသူမှာ (၃၄၈)ဦးရှိကြောင်း သိရသည်။