ရန်ကုန်လေဆိပ်တွင် ကိုယ်အပူချိန်မြှင့်နေသည့် ဒုတိယမြောက် တရုတ်အမျိုးသားတစ်ဦး ထပ်မံတွေ့ရှိ

ရန်ကုန်လေဆိပ်တွင် ကိုယ်အပူချိန်မြှင့်နေသည့် ဒုတိယမြောက် တရုတ်အမျိုးသားတစ်ဦး ထပ်မံတွေ့ရှိ
ဖေဖော်ဝါရီ 1, 2020
By Tachileik News Agency

ရန်ကုန်လေဆိပ်တွင် ကိုယ်အပူချိန်မြှင့်နေသည့် ဒုတိယမြောက် တရုတ်အမျိုးသားတစ်ဦး ထပ်မံတွေ့ရှိ

တရုတ်နိုင်ငံ၊ ကွမ်ကျိုးလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်လာသည့် China Southern လေကြောင်းလိုင်းမှ ကိုယ်အပူချိန်မြင့်သည့် ဒုတိယမြောက် တရုတ်နိုင်ငံသားတစ်ဦးကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့က ထပ်မံတွေ့ရှိ၍ စောင့်ကြည့်စစ်ဆေးမှုများ လုပ်ဆောင်ထားကြောင်း သိရသည်။

ရန်ကုန်လေဆိပ်သို့ ဖေဖေါ်ဝါရီလ (၁)ရက်နေ့ နေ့လယ် (၁) နာရီခွဲတွင် ဆိုက်ရောက်သည့် China Southern လေကြောင်းလိုင်း ခရီးစဉ်အမှတ် CZ 3055 ဖြင့် လိုက်ပါလာသည့် ခရီးသည်များကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကိုယ်ခန္ဓာအပူချိန်တိုင်းတာစက် (Thermal Scanner) ဖြင့် တိုင်းတာရာ ကိုယ်အပူချိန် အနည်းငယ်မြှင့်နေသည့် တရုတ်နိုင်ငံသားတစ်ဦးကိုတွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးသွားအား သီးခြားထားရှိပြီး (၁၅) မိနစ်လျှင် တစ်ကြိမ်နှုန်းဖြင့် (၃) ကြိမ်တိုင် ကိုယ်ခန္ဓာအပူချိန် ပြန်လည် တိုင်းတာခဲ့ရာ ကိုယ်အပူချိန်သည် ပုံမှန်ပင်ဖြစ်ကြောင်းနှင့် ချောင်းဆိုးခြင်း၊ နှာစေးခြင်း စသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ အပါအဝင် အခြား သံသယဖြစ်ဖွယ် လက္ခဏာများ မတွေ့ရကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ တရုတ်အမျိုးသားသည် မြန်မာနိုင်ငံတွင် အလုပ်လုပ်နေသူဖြစ်ရာ ၎င်းနေထိုင်ရာနေရာမှ ပြင်ပသို့ ထွက်ခွင့်မပေးဘဲ ကူးစက်ရောဂါ ပါမောက္ခများ၊ ကူးစက်ရောဂါဗေဒ ပညာရှင်များဖြင့် စနစ်တကျ ဆက်လက် စောင့်ကြပ်ကြည့်ရှုခြင်း ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

China Southern လေကြောင်းလိုင်းဖြင့် ဇန်နဝါရီလ (၃၁)ရက်နေ့က ကွမ်ကျိုး - ရန်ကုန် ခရီးစဉ် လိုက်ပါလာသည့် တရုတ်အမျိုးသားတစ်ဦးတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်းလက္ခဏာများ တွေ့ခဲ့ရသဖြင့် ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ဆောင်နေပြီး ကျန်ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများသည် လေဆိပ်မဆင်းဘဲ ပြန်လည်ထွက်ခွာသွားကြခြင်းဖြစ်သည်။

တရုတ်နိုင်ငံသားများအား မြန်မာနိုင်ငံတွင် ဆိုက်ရောက်ဗီဇာပေးခြင်းကို ယာယီရပ်ဆိုင်းထားရန် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁)ရက်နေ့၌ နိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~