တရုတ်နိုင်ငံ ဝူဟန်မြို့မှ မြန်မာကျောင်းသူ၊ ကျောင်းသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရန် အထူးလေယာဉ်သည် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီဖြစ်၍ ကျောင်းသူကျောင်းသားများ ဝူဟန်လေဆိပ်သို့ သွားနေကြပြီဖြစ်သည်။
ဝူဟန်မှ မြန်မာကျောင်းသူကျောင်းသားများကို ပြန်လည်ခေါ်ဆောင်မည့် မြန်မာအမျိုးသား လေကြောင်းလိုင်း လေယာဉ်သည် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁)ရက်နေ့ ညနေ (၄)နာရီက စတင်ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး မန္တလေးမြို့သို့ ဖေဖေါ်ဝါရီလ (၂)ရက်နေ့ နံနက် (၁)နာရီ မိနစ် (၄၀)တွင် ပြန်လည်ရောက်ရှိဖွယ်ရှိသည်။
မြန်မာ ကျောင်းသူကျောင်းသားများကို လေဆိပ်သို့ ဘတ်စ်ကားနှစ်စီးဖြင့်ခေါ်ဆောင်ရေးအတွက် မြန်မာသံရုံးမှ ကောင်စစ်အရာရှိ ကိုယ်တိုင် ဝူဟန်မြို့တွင် ရောက်ရှိဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ဝူဟန်မြို့တွင် ကော်ရိုနာဗိုင်းရပ်စ်(ဝူဟန်အဆုတ်ရောင်ရောဂါ) ကူးစက်ပျံ့နှံ့နေမှုကြောင့် ဝူဟန်ရှိ မြန်မာကျောင်းသူ ကျောင်းသား (၆၃)ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေးကို မြန်မာသံရုံးက ဇန်နဝါရီလ (၂၃)ရက်နေ့ကတည်းက စတင်ကြိုးပမ်းနေခဲ့ပြီးဖြစ်ပြီး မြန်မာကျောင်းသူကျောင်းသားများအား ခေါ်ဆောင်မည့် လေယာဉ်ဆင်းသက်ခွင့်ကို ဇန်နဝါရီလ (၃၁)ရက်နေ့က ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ - စည်သူ