မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်သံသယ လူနာ (၆)ဦးအနက် (၁)ဦး ဆေးရုံဆင်း
မြန်မာတစ်နိုင်ငံလုံးတွင် ဝူဟန်အဆုတ်ရောင်ရောဂါဟု အများသိထားသည့် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ (၅)ဦး၊ စောင့်ကြည့်လူနာ (၅)ဦးနှင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်သည့် သံသယနှင့် စောင့်ကြည့်လူနာ (၃)ဦးရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၃)ရက်နေ့ ညနေ (3)နာရီအထိ ထုတ်ပြန်ချက်များအရ သိရသည်။
လက်ရှိ ရန်ကုန်မြို့ရှိ ဝေဘာဂီအထူးကုဆေးရုံ၌ သံသယလူနာ (၁)ဦး၊ ကျိုင်းတုံပြည်သူ့ဆေးရုံ၌ သံသယလူနာ (၁)ဦးနှင့် စောင့်ကြည့်လူနာ (၄)ဦး၊ လွိုင်ကော်ပြည်သူ့ဆေးရုံ၌ သံသယလူနာ (၁)ဦး၊ မင်းပြားပြည်သူ့ဆေးရုံ၌ သံသယလူနာ (၁)ဦး၊ စဝ်စံထွန်းပြည်သူ့ဆေးရုံ၌ စောင့်ကြည့်လူနာ (၁)ဦးနှင့် နေပြည်တော် ကုတင် (၁၀၀၀)ဆေးရုံတွင် သံသယလူနာ (၁)ဦးတို့ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
ကိုရိုနာဗိုင်းရပ်စ်သံသယဖြစ်ဖွယ်စစ်ဆေးရာတွင် ကိုယ်အပူချိန်တိုင်းတာရာ၌ (၃၈)ဒီကရီ ထက်ကျော်လွန်ပြီး နှာစေး၊ချောင်းဆိုး ဖျားနာလက္ခဏာများတွေ့ရပြီး တရုတ်နိုင်ငံမှ ပြန်လာဖူးသူများကို ပြည်သူ့ဆေးရုံကြီးများရှိ သီးသန့်စောင့်ကြည့်ကုသခန်းများသို့ ပို့ဆောင်စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ စစ်ဆေးရာမှာ (၃၈)ဒီကရီ စင်တီဂရိတ် ထက်ကျော်နေမယ်။ နှာစေး၊ ချောင်းဆိုးရှိမယ်။ ဖျားတဲ့လက္ခဏာရှိမယ်။ နောက် တရုတ်ပြည်ကလာမယ်။ သို့တည်းမဟုတ် အတည်ပြုလူနာကို လက်တွေ့ပြုစု စောင့်ရှောက်ပေးခဲ့သူဖြစ်မယ်။ အဲဒီလိုအချက်တွေ ပြည့်စုံရင် သံသယလူနာလို့ သတ်မှတ်ပြီး ဓါတ်ခွဲနမူနာပို့ပါတယ်။ ဆေးပညာဆိုင်ရာသတ်မှတ်ချက်ကတော့ ဒီထက်ပိုပြည့်စုံတာပေါ့နော်။ အရင်ကတော့ သံသယလူနာကို ဝူဟန်မြို့ကလာမှဆိုပြီးတော့ သတ်မှတ်တယ်။ ဒါပေမဲ့ WHO ကလည်း ကြေညာထားပြီးတဲ့နောက်မှာ ဝူဟန်မြို့တစ်ခုထဲ မဟုတ်တော့ဘူး။ တရုတ်ပြည်တစ်ခုလုံးက ဖြစ်သွားတယ်။ တရုတ်ပြည်ကလာရင် အဲဒီလက္ခဏာတွေရှိရင် သီးခြားခွဲခြားပြီး ထားတယ်။ နောက် အာခေါင်တို့ပတ်ယူပြီးမှ ဓါတ်ခွဲခန်းပို့စစ်တယ်”
ဟု ရောဂါသံသယစောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာ မြင့်ကျော်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။
လက်ရှိအချိန်ထိ သံသယလူနာအဖြစ် အထူးကြပ်မတ်ကုသခန်းများတွင် ထားရှိသူများမှာ နေပြည်တော် ကုတင် (၁၀၀၀)ဆေးရုံတွင် တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့မှ ရောက်လာသည့် တရုတ်နိုင်ငံသား အမျိုးသား (၁)ဦး၊ လွိုင်ကော်ပြည်သူ့ဆေးရုံတွင် ယူနန်ပြည်နယ်၊ ကူမင်းမြို့မှ ရောက်လာသည့် အသက်(၂)နှစ်(၂)လအရွယ် မိန်းကလေး (၁)ဦး၊ မင်းပြားပြည်သူ့ဆေးရုံတွင် ဂျယ်ခေါင်မှ ပြန်လာသည့် အသက် (၃၈)နှစ်အရွယ် အမျိုးသား (၁)ဦး၊ ကျိုင်းတုံပြည်သူ့ဆေးရုံတွင် စီချွမ်မှပြန်လာသည့် အသက် (၁)နှစ် (၂)လအရွယ်ကလေး (၁)ဦး၊ ဝေဘာဂီအထူးကုဆေးရုံတွင် အသက် (၁၅)နှစ်အရွယ် ထိုင်ဝမ်နိုင်ငံသား (၁)ဦးတို့ဖြစ်ကြပြီး စောင့်ကြည့်လူနာအဖြစ် စဝ်စံထွန်းဆေးရုံတွင် အသက်(၂၆)နှစ်အရွယ် ကိုရီးယားနိုင်ငံသား (၁)ဦး၊ ကျိုင်းတုံပြည်သူ့ဆေးရုံတွင် စီချွမ်မှပြန်လာသည့် သံသယလူနာကလေး၏ မိသားစုဝင် (၄)ဦး တို့ရှိနေခြင်းဖြစ်သည်။
သံသယလူနာများ၏ အာခေါင်တို့ပတ်များကို ဓါတ်ခွဲခန်းပို့စစ်ခြင်းကို ဆောင်ရွက်နေပြီး လက်ရှိအချိန်ထိ သံသယနှင့် စောင့်ကြည့်လူနာများအားလုံး အခြေအနေကောင်းမွန်နေသည်ဟု သိရသည်။
ကူမင်းမှရောက်လာသည့် တရုတ်နိုင်ငံသား သံသယလူနာ(၁)ဦးမှာ ဓါတ်ခွဲအဖြေအရ ဗိုင်းရပ်စ်ကူးစက်ခြင်းမရှိ၍ ဆေးရုံမှ ဖေဖေါ်ဝါရီလ (၂)ရက်နေ့တွင် ဆင်းခွင့်ပြုလိုက်ပြီး ၎င်းနှင့်အတူ လေယာဉ်တစ်စီးတည်း လိုက်ပါလာ၍ စောင့်ကြည့်လူနာများဖြစ်နေသည့် မြန်မာနိုင်ငံသား (၂)ဦးလည်း ဆေးရုံဆင်းပြီဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်