ဝူဟန်သံသယလူနာပါလာသည့် တရုတ်လေကြောင်းလိုင်း လေယာဉ်နှင့် ခရီးသည်များ ရန်ကုန်မှ ပြန်လည်ထွက်ခွာ

ဝူဟန်သံသယလူနာပါလာသည့် တရုတ်လေကြောင်းလိုင်း လေယာဉ်နှင့် ခရီးသည်များ ရန်ကုန်မှ ပြန်လည်ထွက်ခွာ
ဇန်နဝါရီ 31, 2020
By Tachileik News Agency

ဝူဟန်သံသယလူနာပါလာသည့် တရုတ်လေကြောင်းလိုင်း လေယာဉ်နှင့် ခရီးသည်များ ရန်ကုန်မှ  ပြန်လည်ထွက်ခွာ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့က နံနက်က ရောက်ရှိ လာသည့် China Southern လေကြောင်းလိုင်းခရီးစဉ်မှ ကော်ရိုနာ ဗိုင်းရပ်စ် (ဝူဟန်အဆုတ်ရောင်) သံသယရှိ ခရီးသည်တစ်ဦးနှင့် မြန်မာနိုင်ငံသား (၂)ဦးမှလွဲ၍ ကျန်ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ နှစ်နာရီအကြာတွင် ရန်ကုန်လေဆိပ်မှ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုး (Guaungzhuo) လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့ နံနက် (၁၀) နာရီ (၄၅)မိနစ်အချိန်ခန့်တွင် ဆိုက်ရောက်လာသည့် China Southern လေကြောင်း ခရီးစဉ်အမှတ် CZ 3055 ဖြင့်လိုက်ပါလာသည့် ဝူဟန်မြို့မှအမျိုးသားခရီးသည် (၁) ဦးတွင် ကိုယ်ပူချိန်အနည်းမြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါ အမျိုးသားအား ဝေဘာဂီဆေးရုံ သီးခြားခန်းသို့ ပို့ဆောင်၍ စောင့်ကြည့်လူနာအဖြစ် ထားရှိကာ ရောဂါအတည်ပြုနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ လေယာဉ်တွင် လိုက်ပါလာသည့် မြန်မာနိုင်ငံသားနှစ်ဦးမှလွဲ၍ ကျန် လေယာဉ်အမှုထမ်းများနှင့် ခရီးသည်များအား လေဆိပ်သို့ မဆင်းဘဲ ယင်းလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နေ့လယ် (၁း၅၀) နာရီ အချိန်ခန့်တွင် ပြန်လည်ထွက်ခွာသွားကြခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသား အမျိုးသားနှစ်ဦးတွင် မည်သည့်ရောဂါလက္ခဏာမှ မတွေ့ရသော်လည်း ဝေဘာဂီဆေးရုံ အထူးကြပ်မတ်ကုသဆောင်တွင် သီးခြားထားရှိ စောင့်ကြည့်နေကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် နယ်စပ်ဝင်၊ ထွက်ပေါက်များတွင် ဝူဟန်အဆုတ်ရောင်ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်) စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~