မြန်မာနိုင်ငံတွင် (၁၀)လတာ ကာလအတွင်း တရုတ်ခရီးသွား (၆)သိန်းကျော် ဝင်ရောက်

မြန်မာနိုင်ငံတွင် (၁၀)လတာ ကာလအတွင်း တရုတ်ခရီးသွား (၆)သိန်းကျော် ဝင်ရောက်
ဒီဇင်ဘာ 10, 2019
By Tachileik News Agency

မြန်မာနိုင်ငံတွင် (၁၀)လတာ ကာလအတွင်း တရုတ်ခရီးသွား (၆) သိန်းကျော် ဝင်ရောက်လာသဖြင့် ဗီဇာကြေး အမေရိကန်ဒေါ်လာ (၃) သန်းကျော်ရရှိထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ မေးခွန်းဖြေကြားစဉ် ပြောကြားသွားသည်။

တရုတ်ခရီးသွားများအသုံးပြုသည့် အွန်လိုင်းငွေပေးချေမှုစနစ် We Chat Pay၊ Alipay အား တားမြစ် ပိတ်ပင်ရန်နှင့် ဇီးရိုးဘတ်ဂျက်တားဆီးနိုင်ရန် အစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် လှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက မေးခွန်းမေးမြန်းခြင်းကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဥရောပနိုင်ငံများမှ ကမ္ဘာလှည့်ခရီးသွားများဝင်ရောက်မှု ကျဆင်းလာချိန်တွင် တရုတ်၊ ကိုရီးယား၊ ဂျပန်စသည့် အာရှနိုင်ငံသားများကို ဗီဇာဖြေလျော့မှုများပေးခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်း တရုတ်ခရီးသွားဝင်ရောက်မှု တိုးတက်လာခဲ့ရာတွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ တရုတ်ခရီးသွား (၆) သိန်းကျော် ဝင်ရောက်လာသဖြင့် ဗီဇာကြေး အမေရိကန်ဒေါ်လာ (၃) သန်းကျော်ရရှိခဲ့သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က ဖြေကြားမှုတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။

We Chat Pay နှင့် Alipay တို့အား တားမြစ်ပေးရန်နှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က QR ကုတ်နဲ့ ငွေပေးချေမှုများ တပြေးညီဖြစ်စေရန် အဖွဲ့အစည်းများနှင့်ဆောင်ရွက်နေသည့်ကာလအတွင်း ဗဟိုဘဏ် ဥပဒေပုဒ်မ (၇၉)၊  ငွေရေးကြေးရေးအဖွဲ့ အဖွဲ့အစည်းများ ပုဒ်မ (၁၃၄) အရ တရုတ်ခရီးသွားများ အသုံးပြုသည့် အွန်လိုင်းငွေပေးချေမှုစနစ် We Chat Pay နှင့် Alipay များကို ဆိုင်းငံ့ထားရန် တရားဝင်ညွှန်ကြားထားသည်ဟု ဖြေကြားသွားသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က အချက်အလက်များစွာဖြင့် ခရီးသွားလုပ်ငန်းအကြောင်း ရှည်လျားစွာဖြေကြားနေစဉ် သတ်မှတ်အချိန်ပြည့်သွား၍ လွှတ်တော်အမတ်၏ မေးခွန်းဖြစ်သည့် တရုတ်ခရီးသွားများအသုံးပြုသည့် အွန်လိုင်းငွေပေးချေမှုစနစ် We Chat Pay နှင့် Alipay ကို တားမြစ်ပိတ်ပင်ရန်နှင့် ဇီးရိုးဘတ်ဂျက်တားဆီးနိုင်ရန် အစီအစဉ်များနှင့် ပတ်သတ်တိကျသည့် အဖြေကို ဖြေကြားနိုင်ခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~