တရားရုံးများတွင် သက်သေပျက်ကွက်မှုကြောင့် အမှုကြန့်ကြာခြင်း အများဆုံးဖြစ်ပွားနေ
နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်၏ (၅) နှစ်တာ မဟာဗျူဟာစီမံကိန်းဖြင့် တရားရုံးများတွင် ရှေ့ပြေးကောက်ယူရရှိသည့် စစ်တမ်းများအရ အမှုကြန့်ကြာမှုဖြစ်စေသည့် အကြောင်းရင်းများထဲတွင် သက်သေအဖြစ် တင်သွင်းထားသူများ လာရောက်ရန် ပျက်ကွက်သည့်ဖြစ်စဉ် အများဆုံး ပါဝင်နေကြောင်း သိရသည်။
"သက်သေပျက်ကွက်တာကြောင့် အများဆုံးတွေ့ရတယ်။ ဘယ်လောက်ထိရှိလဲဆိုတော့ (၄၀) ရာခိုင်နှုန်း အထက်မှာ ရှိတယ်။ သက်သေကို တရားရုံးက မခေါ်လို့ မလာတာလား၊ ရဲကဆင့် မပေးလို့လား။ ဒါတွေကို ခွဲလိုက်တဲ့ အခါကျတော့ သူ့အဆင့်နဲ့သူပေါ့။ ရဲပျက်ကွက်တာလည်းရှိတယ်။ တရားရုံးက မဆင့်မိလိုက်တာတွေလည်း ရှိမယ်။ သက်ဆိုင်တဲ့သူက ခေါ်လာပါမယ်ဆိုပြီး မခေါ်လာတာလည်း ရှိမယ်။ ဒါတွေကိုပြင်ဖို့အတွက် ကျွန်တော်တို့ ရာဇဝတ်ကျင့်ထုံး၊ တရားမကျင့်ထုံးတွေမှာလည်းရှိပြီးသားပါ။ ကျင့်ထုံးတွေအတိုင်း ကျင့်သုံးဖို့ကို သက်ဆိုင်ရာတရားရုံးတွေမှာလည်း မှာကြားထားပြီး ညွှန်ကြားထားပြီး ဖြစ်ပါတယ်"ဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့် သုတေသနဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်အရ ပြည်သူလူထုက တရားရုံးများအပေါ်တွင် စိတ်ကျေနပ်မှုမည်မျှရှိသည်ကို ကောက်ယူထားသည့် စစ်တမ်း၏ရလဒ်များကို တရားရုံးများအနေဖြင့် အခြေခံမျဉ်းအဖြစ်သတ်မှတ်ပြီး ပိုမိုကောင်းမွန်သောရလဒ်များထွက်ပေါ်လာစေရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၈ ခုနှစ်မှ ၂၀၂၂ အထိ အကောင်အထည်ဖေါ်နေသည့် တရားစီရင်ရေးကဏ္ဍအတွက် မဟာဗျူဟာစီမံကိန်းအရ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ကို ၂၀၁၈ ခုနှစ်တွင် ခရိုင်တရားရုံး (၁၂) ရုံး၊ မြို့နယ်တရားရုံး (၁၄) ရုံး၊ ၂၀၁၉ ခုနှစ်တွင် ခရိုင်တရားရုံး (၅) ရုံး၊ မြို့နယ်တရားရုံး (၄၃) ရုံးတို့တွင် ဆောင်ရွက်ထားပြီး ၂၀၂၀ ခုနှစ်တွင် ခရိုင်တရားရုံး (၂၅) ရုံး၊ မြို့နယ်တရားရုံး (၁၀၉) ရုံး စုစုပေါင်း တရားရုံး (၂၀၈) ရုံးတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်