ဗိုလ်ချုပ်အောင်ဆန်း၏ပုံဖြင့် ကျပ်တစ်ထောင်တန် ငွေစက္ကူပုံစံသစ်ကို ၂၀၂၀ ပြည့်နှစ်၊ဇန်နဝါရီလ (၄)ရက်နေ့ လွတ်လပ်ရေးနေ့တွင် စတင်ထုတ်ဝေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့ ညပိုင်းက သတင်းထုတ်ပြန်ထားသည်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ထောင်ကျပ်တန်ငွေစက္ကူ အရွယ်အစားမှာ အလျား (၁၅၀) မီလီမီတာ အနံ (၇၀) မီလီမီတာရှိပြီး အပြာရောင်ငွေစက္ကူ၏ အပေါ်ဘက်တွင် "မြန်မာနိုင်ငံတော်ဗဟိုဘဏ်" စာတန်း ရိုက်နှိပ်ထားကာ မျက်နှာစာဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ်ထားမည်ဖြစ်ကြောင်း သိရသည်။
တစ်ထောင်ကျပ်တန် ငွေစက္ကူသစ်၏ ကျောဘက်တွင် လွှတ်တော်အဆောက်အဦပုံ ရိုက်နှိပ်ထားပြီး အပေါ်ပိုင်း၌ " CENTRAL BANK OF MYANMAR" စာတန်း အောက်ပိုင်း၌ "ONE THOUSAND KYATS" ဟူသော စာတန်းများ ရိုက်နှိပ်ထားမည်ဖြစ်သည်။
ငွေစက္ကူနံပါတ်ကို မြန်မာအက္ခရာ မြန်မာဂဏန်းဖြင့် အလျားလိုက်၊ အင်္ဂလိပ် အက္ခရာ အင်္ဂလိပ်ဂဏန်းဖြင့် ဒေါင်လိုက်ရိုက်နှိပ်ထားပြီး ငွေစက္ကူ၏လက်ဝဲဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ရေစာပါရှိမည်ဖြစ်သည်။
ကျပ်တစ်ထောင်တန်အသစ်များ ရိုက်နှိပ်ထုတ်ဝေမည်ဖြစ်သော်လည်း လက်ရှိသုံးစွဲလျက်ရှိသော တစ်ထောင်ကျပ်တန် ငွေစက္ကူများသည်လည်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိမည်ဖြစ်ကြောင်း သိရသည်။