နယ်စပ်ဒေသများရှိ ကုန်သွယ်ရေးစခန်းများမှ မော်တော်ဆိုင်ကယ်တင်သွင်းခွင့်ပြုရာတွင် ယခင်ကကဲ့သို့ ရုံးချုပ်သို့တင်ပြရန် မလိုတော့ဘဲ သက်ဆိုင်ရာနယ်စခန်းများမှ သွင်းကုန်လိုင်စင်ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။
သက်ဆိုင်ရာနယ်စပ်ကုန်သွယ်ရေးစခန်းများရှိတာဝန်ခံများမှ တာဝန်ယူစိစစ်၍ သွင်းကုန်လိုင်စင် ခွင့်ပြုပေးရန်နှင့် အလားတူ ရန်ကုန် ပို့ကုန်/သွင်းကုန်ရုံးတွင်လည်း စိစစ်၍ တပြေးညီ ခွင့်ပြုပေးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနက ဒီဇင်ဘာလ (၅) ရက်နေ့ နေ့စွဲဖြင့် နယ်စပ်ကုန်သွယ်ရေးဌာနများသို့ အကြောင်းကြားလိုက်ကြောင်း သိရသည်။
နယ်စပ်ဒေသများရှိ ကုန်သွယ်ရေးစခန်းများမှ လိုင်စင်ခွင့်ပြုပေးနိုင်မည့် ပို့ကုန်/သွင်းကုန်အမယ်များ တိုးမြှင့်ခွင့်ပြုရန် အောက်တိုဘာလ (၅) ရက်နေ့က တင်ပြချက်အရ နယ်စခန်းများမှ မော်တော်ဆိုင်ကယ် တင်သွင်းခွင့်လျှောက်ထားမှုများကို ရုံးချုပ်မှ ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။
ယင်းကဲ့သို့ တင်သွင်းခွင့်ပြုထားသော်လည်း သွင်းကုန်လိုင်စင်ခွင့်ပြုပေးရန် ရုံးချုပ်သို့ တင်ပြနေရခြင်းမှာ လုပ်ငန်းကြန့်ကြာသဖြင့် ၂၀၁၆ခုနှစ် စက်တင်ဘာလ (၂၂) ရက်နေ့က ကျင်းပသည့် ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် နယ်စခန်းများမှ ရုံးချုပ်နှင့်တပြေးညီ ထုတ်ပေးရန် ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။