ရှမ်းပြည်နယ် (အရှေ့ ပိုင်း)၊ ကျိုင်းတုံမြို့ တောင်ကြီး - ကျိုင်းတုံ သွားလမ်းရှိ ကျိုင်းဖောင်းဂိတ်၌ မြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ ဖြင့် ဒီဇင်ဘာလ (၇)ရက်နေ့  ည(၇)နာရီ အချိန်ခန့်က ရှောင်တခင်ပိတ်ဆို့  စစ်ဆေးစဉ် စိတ်ကြွရူးသွပ်ဆေးပြား (၂၂၂)ပြား ဖမ်းဆီးရမိကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေစစ်ဆေးနေစဉ် ည(၉)နာရီခန့်တွင် မြရွှေရည် ရေပူစမ်းဘက်မှ ကျိုင်းတုံမြို့သို့ မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်လာသူ ဦးအေးရိယာ၏ အင်္ကျီအိတ်အတွင်းမှ Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား(၁၈၁)ပြားနှင့် အစိမ်းရောင်(၂)ပြား၊ လွယ်အိတ်အတွင်းမှ WYစာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား (၃၉) ပြား စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား (၂၂)ပြား ရှာဖွေတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ဦးအေးရိယားနှင့်၎င်း၏ဆိုင်ကယ်အား မြို့မရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် လုပ်ဆောင်လျှက်ရှိကြောင်းသိရသည်။
ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးရေးဆောင်ရွက်စဉ် ကား(၂၀)စီးမှ ကျား(၅၀)ဦး၊ မ(၂၄)ဦးနှင့် ဆိုင်ကယ်(၃၀)စီးမှ ကျား(၄၀)ဦး၊ မ(၁၂)ဦး စုစုပေါင်း(၁၂၆)ဦးတို့အား ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ကြောင်းသိရသည်။
သတင်း - ဇွဲမြတ်