ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်းလား - ဆီလူးမှတဆင့် မိုင်းယန်း - မိုင်းခတ်လမ်းအတိုင်း ကျိုင်းတုံမြို့သို့ ဝင်ရောက်လာသည့် (၆)ဘီးယာဉ် ကုန်တင်ယာဉ်(၅)စီးတွင် ကုန်စည်များ တရားမဝင်သယ်ဆောင် လာကြောင်း သတင်းပေးချက်အရ ကျိုင်းတုံမြို့မ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
အဆိုပါ ကုန်တင်ယာဉ်များအား နိုဝင်ဘာလ (၁၄) ရက်နေ့ ညနေ(၅း၄၅)နာရီဝန်းကျင်က ဖမ်းဆီးကာ ချိတ်ပိတ် သိမ်းဆည်းထားခြင်းဖြစ်ပြီး၊ နိုဝင်ဘာလ (၁၅)ရက်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာဌာနများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဖွင့်ဖောက်စစ်ဆေးကြောင်း သိရသည်။
အဆိုပါ ယာဉ်များအား စစ်ဆေးရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပို့ကုန်/သွင်းကုန်ရုံး နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန စသည့် ဌာနများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ကုန်ကားများမှ ကုန်ပစ္စည်းများအား ဖွင့်ဖောက် စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။