တာချီလိတ်၌ သုံးဘီးဆိုင်ကယ်ဖြင့် ခရီးသည်ပို့ဆောင်ကာ ၀မ်းစာရှာသူများလာ၍ ယခင်နှစ်ထက် ခရီးသည် ပို့ဆောင်ပေးရမှု နည်းပါးလာ

တာချီလိတ်၌ သုံးဘီးဆိုင်ကယ်ဖြင့် ခရီးသည်ပို့ဆောင်ကာ ၀မ်းစာရှာသူများလာ၍ ယခင်နှစ်ထက် ခရီးသည် ပို့ဆောင်ပေးရမှု နည်းပါးလာ
ဒီဇင်ဘာ 13, 2015
By Tachileik News Agency

မြန်မာ - ထိုင်း နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် သုံးဘီးဆိုင်ကယ် ပြေးဆွဲသူများလာသည့်အတွက် ယခင်နှစ်ထက် ခရီးသည် ပို့ဆောင်ပေးရမှုမှာ သိသိသာသာ နည်းပါးလာပြီး ၀င်ငွေလျော့နည်းလာကြောင်း သုံးဘီးဆိုင်ကယ် ပြေးဆွဲသူများထံမှ သိရသည်။

"အခုနှစ်မှာ ဆွဲရတာ အရင်နှစ်တွေထက် ပါးသွားတယ်၊ အရင် နှစ်တွေကဆိုရင် တစ်ခါတစ်လေ တစ်ရက်ကို အများဆုံး ၇ ခေါက်နီးပါးလောက် သွားရတယ်၊ အခုနှစ်မှာတော့ တစ်ခါတစ်လေ တစ်ရက်ကို အများဆုံးဆိုလို့ ၃ ခေါက်လောက်ပဲ ရှိတော့တယ်၊ တစ်ချို့ရက်တွေဆို မထွက်ရတဲ့ ရက်တွေလည်း ရှိလာတယ်.."ဟု သုံးဘီးဆွဲသူ ကိုမျိုးဝင်းမှ ပြောသည်။

တာချီလိတ်မှ မယ်ဆိုင်မြို့သို့ အများဆုံး ပို့ဆောင်ပေးရသည်မှာ တောင်ပေါ်ဒေသမှ လာသည့် လားဟူ နှင့် အာခါလူမျိုးများဖြစ်ပြီး၊ မြန်မာပြည်ဘက်မှ ဘုရားဖူးလာသူများကိုလည်း ပို့ဆောင်ပေးရကြောင်း သိရသည်။

"ဘာကြောင့် ပါးလာတာလဲဆိုတော့ ကိုယ်ပိုင်ကား၊ ကိုယ်ပိုင်ဆိုင်ကယ်တွေနဲ့ သွားတဲ့သူတွေ များလာတယ်၊ နောက်ပြီး မြန်မာပြည်က ဘုရားဖူးတွေလည်း နည်းလာတယ်၊ တောင်ပေါ်က လားဟူတွေ အာခါတွေက စီးပွားရေး အဆင်မပြေတော့ သိပ်မသွားကြတော့ဘူး၊ နောက်ပြီးတော့ သုံးဘီး ဆွဲသူတွေလည်း အရင်နှစ်ထက် ဒီနှစ်မှာ ပိုများလာတယ်.." ဟု သုံးဘီးဆိုင်ကယ်ဖြင့် ပို့ဆောင်ပေးနေသူ ကိုဇော်လင်းက ပြောသည်။

တာချီလိတ်တွင် သုံးဘီးဆိုင်ကယ်ဖြင့် ခရီးတို ပို့ဆောင်ပေးရသည့် အခြေအနေသည် ယခင် နှစ်တွေထက် ၂၀၁၅ခုနှစ်မှာ လျော့နည်းသွားကြောင်း၊ သုံးဘီးဖြင့် တစ်ခေါက်ပို့ဆောင်လျှင် ၃၀၀ ဘတ် ၀န်းကျင်ရရှိပြီး တစ်လလျှင် ဂိတ်ကြေး ၁၅၀ ဘတ် ပေးရကြောင်း နှင့် တာချီလိတ်တွင် ခရီးသည်ပို့ဆောင်သည့် သုံးဘီးဆိုင်ကယ် အရေအတွက် ၂၀၀ နီးပါးခန့်ရှိကြောင်း သိရသည်။

သတင်း။  ။ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~ ကြော်ငြာ ~~~~~~~~~