တန့်ယန်းတွင် သေဆုံးလျှက်ဖြင့် ပြန်တွေ့ရသူနှင့် ပတ်သက်၍ ခရီးသွားဖော် ဘုန်းကြီးအား စစ်ဆေးနေ

တန့်ယန်းတွင် သေဆုံးလျှက်ဖြင့် ပြန်တွေ့ရသူနှင့် ပတ်သက်၍ ခရီးသွားဖော် ဘုန်းကြီးအား စစ်ဆေးနေ
နိုဝင်ဘာ 25, 2019
By Tachileik News Agency

ရှမ်းပြည်နယ်( မြောက်ပိုင်း )တန့်ယန်းမြို့သို့ ဘုန်ကြီးတစ်ပါးနှင့် မော်တော်ဖြင့် အတူခရီးသွားခဲ့သည့် အမျိုးသား တစ်ဦး၏ ရုပ်အလောင်းကို နိုဝင်ဘာ (၂၅)ရက် မွန်းလွဲပိုင်းက တန့်ယန်းမြို့မရဲတပ်ဖွဲ့က လွှဲပြောင်းရယူထားပြီး ခရီး အတူသွားခဲ့သည့် ဘုန်းကြီးအား ထိန်းသိမ်းထားကာ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း တန့်ယန်းမြို့နယ်ရဲတပ်ဖွဲ့မှူးက အတည်ပြုပြောကြားလိုက်သည်။

" အဲ့ဒီအမျိုးသားအလောင်းကို လွှဲပြောင်းရယူပြီးတာဟုတ်ပါတယ်၊ သူသေဆုံးရတဲ့အကြောင်းကိုလဲ ရှာဖွေ စစ်ဆေးနေပါတယ်၊ အသေးစိပ်တော့ မပြောပြနိုင်သေးပါဘူး၊ အခုမှ စစ်ဆေးနေဆဲပဲ ရှိပါသေးတယ်၊ သေဆုံးသူ နဲ့ အတူခရီးသွားတဲ့ သံဃာတော်ကိုလဲ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားတာ ဟုတ်ပါတယ်၊ သူနဲ့ပတ်သက်တာတွေလဲ စစ်ဆေးနေဆဲဖြစ်တဲ့အတွက် အခုတော့ ဒီလောက်ပဲ ပြေပြနိုင်ပါသေးတယ်" ဟု တန့်ယန်းမြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူးဝင်းကျော် က တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာ (၂၅)ရက် ည(၆)နာရီက အတည်ပြု ပြောကြားသည်။

သေဆုံးသူမှာ ကိုခိုင်ဇော်ဝင်း(ခ)ကိုနေရှိုင်း ဆိုသူဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ကာ ၎င်းပိုင်ဆိုင်သည့် Hammer ကား အမျိုးအစားကိုမောင်းနှင်ကာ  ဘုန်းကြီးတစ်ပါးနှင့်အတူ ကျောက်ပန်းတောင်းမြို့မှ ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့ ၂၀၁၉ခုနှစ် နိုဝင်ဘာလ(၁၈)ရက်နေ့က ထွက်ခွာသွားခဲ့ပြီး နိုဝင်ဘာလ (၁၉)ရက်နေ့ ညနေ(၃)နာရီ ဝန်းကျင်တွင် တန့်ယန်းသို့ ရောက်ရှိပြီးနောက်ပိုင်း ၎င်း၏ မိသားစုများမှ ဆက်သွယ်၍ မရတော့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုမှာ လူသတ်မှု ဟုတ် မဟုတ်ကို ရဲတပ်ဖွဲ့က စစ်ဆေးဆောင်ရွက်နေဆဲဖြစ်ပြီး လတ်တလော ဖမ်းဆီး ထိန်းသိမ်း ထားခြင်းခံရသည့် ဘုန်းကြီးနှင့်ပတ်သက်သည့် အချက်အလက်များကိုလဲ စစ်ဆေးနေဆဲသာဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - Nyan Linn Htet

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net